Monday, December 13, 2010

လူငယ်များရဲ့ စကားလက်ဆောင်

အမည် စောထွန်းလှိုင်
အသက် ၁၉နှစ်
ပညာ ၆တန်းအောင်

ကျနော်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်က နယ်ခီးရွာကပါ။ မောင်နှမ ၁၀ယောက်မှာ ကျနော်က ၃ယောက်မြောက် ဖြစ်ပါတယ်။ ရွာမှာ ၄တန်းအထိ ကျောင်းနေခဲ့ပြီး မယ်လအူးဒုက္ခသည်စခန်းမှာ ကျနော် ၆တန်းအထိ ကျောင်းနေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကေအဲန်အယ်လ်အေထဲ ၀င်တယ်။ အရင်တုန်းကတော့ ကျနော့်အဖေက တော်လှန်ရေး လုပ်ခဲ့ဖူးတယ်။ ကျနော် ဒီထဲကို မ၀င်ခင် ကျနော့်အဖေက တော်လှန်ရေး မလုပ်တော့ဘူး။



ကျနော် ရွာမှာနေတုန်းက မြန်မာစစ်တပ် တက်လာရင် ယောက်ျားလေးတွေကို ပေါ်တာခေါ်တာ၊ ဖမ်းတာ လုပ်တယ်လေ။ ကျနော့် အသက် ၁၅နှစ်တုန်းက မြန်မာစစ်တပ်က ဖမ်းလို့ ပေါ်တာလိုက်ဖူးတယ်။ အဲဒီတုန်းက ကျနော် ၄တန်းပဲ ရှိသေးတယ်။ သူတို့လိုက် ဖမ်းတာ ထွက်ပြေးနိုင်တဲ့သူတွေက လွှတ်တာပေါ့။ ကျနော်က ပြေးမလွတ်တော့ ပေါ်တာထမ်းရတယ်။ သူတို့(စစ်တပ်)က တပ် ချိန်းတာ၊ လမ်းမသိတာ၊ ရိက္ခာသယ်ပေးရဖို့ အဲလိုအချိန်ဆိုရင် ပေါ်တာဖမ်းတာပေါ့နော်။ ၂ညအိပ်ရတယ်။ ကျနော်ဆို ကျည်ဆံ တွေ သယ်ပေးရတယ်။ အဲဒီတုန်းက ကျနော့်လို အရွယ်မရောက်သေးတဲ့သူတွေ ၄၊ ၅ယောက်လောက်ပါတယ်။ ပေါ်တာလိုက် တော့ စစ်တပ်က မနက် ၈နာရီနဲ့ ညဆိုရင် ၉နာရီ လောက်မှ ထမင်းကျွေးတယ်။

တော်လှန်ရေးလုပ်တာ အမေက မကြိုက်ဘူး။ ဘာဖြစ်လဲဆိုတော့ အဖေလုပ်တုန်းက မိသားစု အခက်အခဲတွေ အများကြီး ရှိခဲ့ တယ်။ ကိုယ့်အလှည့်ကျတော့ အဲလို မဖြစ်စေချင်တဲ့သဘော။ လူငယ်တွေ အတော်များများ တတိယနိုင်ငံ ထွက်သွားကြပေမဲ့ ကျနော်က နိုင်ငံခြားသွားဖို့ စိတ်မပါဘူး။ ကိုယ်က တော်လှန်ရေးပဲ ၀ါသနာပါတော့ တားလို့မရဘူး။ မိဘက ကျောင်းဆက်နေဖို့ ပြောသေးတယ်။ ကျောင်းမနေချင်ဘူးလေ။ အဲဒါနဲ့ ကျနော် ရွာကနေ နယ်စပ်ဘက်ကိုလာပြီး တပ်မဟာ(၇)မှာ တော်လှန်ရေး လာ လုပ်တယ်။

တော်လှန်ရေးဝင်တုန်းက အသက် ၁၇နှစ်ပဲ ရှိသေးပေမဲ့ ၀င်ချင်လို့ အသက် ၁၈နှစ်လို့လိမ်ပြီး ၀င်ခဲ့တာ။ ကိုယ့်လူမျိုး အဖိနှိပ်ခံရတာကိုတွေ့ပြီး မခံနိုင်လို့ ကိုယ့်လူမျိုး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး တော်လှန်ရေးထဲကိုဝင်တာ။ စစ်တပ်က ပြည်သူတွေကို ဖိနှိပ်တာကြောင့် ကိုယ့်လူမျိုးကို ကာကွယ်ဖို့ တော်လှန်ရေးလုပ်တာပဲ။ ကျနော်ကတော့ တိုက်ခိုက်ရေးပိုင်းပဲ ၀ါသ နာပါတယ်။ ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့ တိုက်ပွဲရှိရင် တိုက်မယ်။ စစ်သင်တန်း တခါမှ မတက်သေးဘူး။ လောလောဆယ် တပ်ထဲမှာ ၀ိုင်းကူလုပ်ပေးတယ်။ တော်လှန်ရေးပဲ ဆက်လုပ်မယ်ဆိုတဲ့ ကိုယ်လျှောက်မယ့်လမ်းကို ဆုံးတဲ့အထိ ဆက်လျှောက် မယ်။ နောက်ပြန်လှည့်ဖိုတော့ လုံးဝ မရှိ ဘူး။ သက်ဆုံးတိုင်အထိ လုပ်မယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)