ဧရာဝတီ Thursday, 16 December 2010 15:22
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်နှင့် ရန်ကုန်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်ကို နေပြည်တော်သို့ စတင်ပြောင်းရွှေ့ နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ သတင်းရ ရှိသည်။
| Add caption |
ရန်ကုန်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်ကို ပိတ်ထားလိုက်ပြီး နေပြည်တော်သို့ စတင်ပြောင်းရွှေ့နေသည်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ရန်ကုန် စစ်သမိုင်းပြတိုက်က ပိတ်ထားလိုက်ပြီ။ ပြတိုက်ထဲက ပစ္စည်းတွေကို တပ်မတော်ပိုင် လော်လီကားကြီး တွေနဲ့ သယ်နေတယ်။ စစ်သမိုင်းပြတိုက် ပြောင်းတာကလည်း ဗိုလ်ချုပ်မှူးကြီး ပြောထားသလို နေပြည်တော်ကသာ အဓိက မြို့တော် ဖြစ်ရမယ်ဆိုတဲ့ စီမံချက်ရဲ့ တစိတ် တပိုင်းကြောင့်ပဲ။ ဒါကြောင့် တပ်မတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အထိမ်းအမှတ် အဆောက်အအုံကို နေပြည်တော်ကို ရွှေ့တာ” ဟု ၎င်းက ရှင်းပြသည်။
စစ်သမိုင်းပြတိုက် အသစ်သည် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးများအနီးတွင် တည်ရှိမည်ဖြစ်သည်။
စစ်သမိုင်းပြတိုက်အသစ်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တရားဝင် အခမ်းအနားဖြင့် ဖွင့်လှစ်ဖွယ်ရှိကြောင်း နေပြည်တော် အစိုးရ၀န်ထမ်း အသိုင်းအ၀န်းက ပြောဆိုနေကြသည်။
ရန်ကုန်တွင် ကျန်ရှိသော စစ်သမိုင်းပြတိုက် အဟောင်းကိုမူ မည်သို့စီမံမည်ကို မသိရှိရသေးသော်လည်း အဆိုပါ နေရာသည် ရန်ကုန်မြို့၏ အချက်အချာကျသည့် ဒဂုံမြို့နယ်အတွင်း၌ ရှိနေသောကြောင့် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ အလွန် မျက်စိကျနေကြောင်း သိရှိရသည်။
“အစိုးရ၀န်ကြီးဌာနရုံးတွေနဲ့ အမျိုးသား စာကြည့်တိုက်လိုဟာမျိုးတွေ နေပြည်တော် ပြောင်းရွှေ့ပြီးတာနဲ့ လေလံပစ် ရောင်းခဲ့တာ ချည်းပဲဆိုတော့ ရန်ကုန် စစ်သမိုင်းပြတိုက်လည်း လေလံပစ်မယ် ထင်တယ်။ အဲဒီလိုဆိုရင်တော့ ဗိုလ်ချုပ် သားသမီးတွေ ဒါမှမဟုတ်ရင် ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေပဲ ရမှာပဲ။ စစ်သမိုင်းပြတိုက် နေရာက မြေကွက်လည်း ကျယ်တယ်၊ အဆောက်အအုံက လည်းတော်တော်ကြီးတယ်၊ နေရာ အကွက်အကွင်းကလည်း တော်တော် ကောင်းတယ်” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီပိုင်ရှင် တဦးက ဆိုသည်။
စစ်အစိုးရသည် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို မြို့တော်သစ် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြည်သူပိုင် အဆောက်အအုံ ဟောင်းများကို လေလံပစ်ရုံမက ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ ကဲ့သို့သော ပန်းခြံများ၊ အစိုးရ စက်ရုံများအပါအ၀င် ပြည်သူပိုင် အဆောက်အအုံများ၊ မြေကွက်များကို ဆက်တိုက် ရောင်းချလျက် ရှိသည်။
No comments:
Post a Comment