Thursday, December 2, 2010

ဗိုလ်ချုပ်ထိန်မောင်နဲ့ အလကားကောင်တွေရဲ့ ငြိမ်းချမ်းရေး ပျက်တော့မှာလား

ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်နဲ့ နအဖတို့ရဲ့ သုံးနှစ်တာ လက်တွဲလုပ်ဆောင်ပြီး အပစ်အခတ် ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမယ့် ကိစ္စကြောင့် တင်းမာမှုတွေ ဖြစ်လာခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

နအဖစစ်အစိုးရက နယ်ခြားစောင့်အသွင်ပြောင်းရန်ဗိုလ်ချုပ်ထိန်မောင်ကို အချောနည်းတမျိုး အကြမ်းနည်းတမျိုးနဲ့ အမျိုးမျိုး ဖိအားပေးလုပ်ဆောင်နေသော်လည်း ကရင့်ခေါင်းဆောင် စောဘဦးကြီးမူကို ကိုင်စွဲထားဆဲဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်ကတော့ အကြိမ်ကြိမ်ငြင်းဆန်တဲ့အပြင် အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားမယ့် လူလိမ်လူညာ နအဖ ခေါင်းဆောင်တွေကို စာတွေရေးသားပေးပို့ကာ အသိတရားတွေရှိလာအောင် ပညာပေးခဲ့ပါသေးတယ်။ 

သို့သော်လည်း အသိတရားလုံးလုံးမှ မရှိတဲ့ နအဖခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ အသိတရားဝင်လာစေမယ့် မေတ္တာစာကို သူတို့ကို စိန်ခေါ်တဲ့စာလို သဘောထားပြီး ဗိုလ်ထိန်မောင် အခြေစိုက်ရာနေရာတွေမှာ စစ်အင်အားတွေ တိုးချဲ့လာသလို ဗိုလ်ချုပ်ထိန်မောင်ဘက်မှလည်း စစ်ရေး ပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့တာကို တွေ့ရပါတယ်။ 

ယခုလို နှစ်ဖက် စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ဖလူးရွာမှာ အခြေစိုက်တဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကို နအဖစစ်တပ်မှ နိုဝင်ဘာလ ၃၀ရက်နေ့က ၀င်ရောက်ပစ်ခတ်ရာတွင် တပ်သားတဦး သေဆုံးပြီး ၆ဦးဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် ဗိုလ်ထိန်မောင်နဲ့ နအဖတို့ရဲ့ သုံးနှစ်တာ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေးဟာ ပျက်စီးသွားကာ တဖန်ပြန်လည် တိုက်ခိုက်ကြတော့မှာလားဆိုတာ ကရင်ထုတရပ်လုံးနဲ့ စစ်ရေးအကဲခတ်တွေက အလွန်ပဲ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကောင်စီ ထိပ်တန်းခေါင်းဆောင်တဦးကတော့ ၄င်းတို့ တပ်ဖွဲ့ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ဖို့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ကြောင်း မီဒီယာများကို ပြောဆိုသွားပါတယ်။ နှစ်ပေါင်း ၆၀နီးပါး အာဏာရှင်အဆက်ဆက်ကို တော်လှန်တိုက်ပွဲ ၀င်ခဲ့ပြီးမှ ဒေသဖွံဖြိုးရေးအတွက် ၃နှစ်တာ အပစ်ရပ်ထားခဲ့ပြီးနောက်ပိုင်း နအဖရဲ့ ယခုလို ရန်စတိုက်ခိုက်လာမှုကိုတော့ ဗိုလ်ချုပ်ထိန်မောင်အနေနဲ့ လုံးဝသည်းခံသင့်တဲ့ အရာတခု မဟုတ်သလို နအဖကို တဖန် စစ်ကြေညာတိုက်ခိုက်သွားရန်မှ တပါး အခြားမရှိတော့ပါဘူး။ မကြာခင် ဗိုလ်ချုပ်ထိန်မောင်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခု ထွက်ပေါ်လာတာ့မှာ ဖြစ်သလို မဆုံးနိုင်တော့တဲ့ စစ်ပွဲကြီးတွေဟာလည်း ကရင်ဒေသတွေမှာ ဆက်လက်ကြီးထွားလာမှာ ဖြစ်သလို ယမ်းငွေ့တွေလည်း ဆက်လက် ဝေနေအုံးမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ အရင်းခံတွေက မတရားမှုတွေကြောင့်ပါပဲ။ 

ဒါကြောင့်လည်း မတရားမှုတွေ ရှိနေသရွေ့ မတရားမှုတွေကို ခေါင်းငုံ့မခံပဲ တွန်းလှန်ရင်ဆိုင်သွားမယ့်သူတွေ ရှိလာရတာ ဖြစ်ပါကြောင်းနဲ့ မတရာမှုကို ရဲရဲကြီး ရင်ဆိုင်နေသူများအတွက်ကိုလည်း အမျိုးသားအသိနဲ့ အုတ်တချပ် သဲတပွင့်နဲ့ ကူညီရန် အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားရေးသတိနဲ့ နိုးဆော်လိုက်ပါရစေ။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)