Saturday, December 4, 2010

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

သန်းထိုက်ဦး Friday, 03 December 2010 17:27


ကချင် အမျိုးသားလွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာန ချုပ်ဒေသများတွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍ လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
kia002
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး
လေ့ကျင့် နေကြစဉ် (ဓာတ်ပုံ - Time)
“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီ တော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ ၀င်တွေ အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။ KIO ထိန်းချုပ်နယ်မြေ အ တွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင် ထား ကြောင်းလည်း ၎င်းက ဆိုသည်။ လိုင်ဇာ မြို့တွင် တခြားဒေသများမှ လာရောက် လုပ်ကိုင်နေသူများကိုလည်း နေရပ်ပြန်ရန် နှိုးဆော်ထားကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဂွမ်မော်က“လောလောဆယ် အခြေအနေ မကောင်းတဲ့ အချိန်မှာ၊ အခြေအနေ မကောင်းဘူး ဆိုတာက အလုပ်မရှိတဲ့ အချိန်မှာပေါ့နော်၊ အလုပ်မရှိတဲ့အခါ ခဏပြန်ပြီးတော့ အခြေအနေတွေ ကောင်း လာတယ်၊ အလုပ်ပြန်လုပ်လို့ရရင် ပြန်လာ ဖို့ နှိုဆော်ထားတာပါ”ဟု ပြောသည်။

လိုင်ဇာမြို့ရှိ ကုန်သွယ်ရေး လမ်းကြောင်းကို နအဖ အာဏာပိုင်များက ပိတ်လိုက်သည့်အတွက် သုံးဘီးနှင့် တက္ကစီမောင်းနေသည့် လူများကို ပြောကြောင်း၊ ကုန်သည်အများစုက အလုပ်အဆင်ပြေသည့် အခါ လုပ်ကိုင် နေသကဲ့သို့ အလုပ်အဆင် မပြေသောအခါ ကိုယ့်သဘောနှင့် ကိုယ်ပြန်ကြကြောင်း ၎င်းက ဆို သည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကို နိုဝင်ဘာလ တတိယ အပတ်က စတင်ခဲ့သည်။ သို့သော် စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံတဝန်း ရှိ KIO ဆက်ဆံ ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက“မန္တလေးဘက်ကနေ ဗန်းမော်ဘက် ကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေ အခုပို့နေပြီး ပို့တဲ့စစ်ကားတွေလည်း ပိုဝင်လာတယ်လို့ ကြားနေရ တယ်၊ ဗန်းမော်ဘက်ဆိုရင် တရုတ်ပြည်နယ်စပ်ကနေ ရှမ်းပြည်နယ်စပ်အထိ KIA ရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်”ဟု ပြောသည်။ 

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများကို တိုးချဲ့ထားကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာ ကာလအတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံးအကြိမ် ခေါ်ဝေါ် သုံး စွဲခဲ့သည်။

စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုင်းနင်းမိသောကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်း ထား ခြင်းဖြစ်သည်။

KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)