Thursday, December 23, 2010

မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

ဧရာဝတီ Wednesday, 22 December 2010 

စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။ 

မာနယ်ပလောဒေသတွင် ယနေ့ နံနက် ၇ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၂ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန်တပ်ရင်း(ခမရ) ၆၁ တပ်ဖွဲ့ဝင်များသည် ပြောက်ကျား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။

ယင်း တိုက်ပွဲတွင် ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။

မာနယ်ပလော ဒေသတွင် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့ နအဖ ၏ ခြေ မြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သိရသည်။

KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းခံရပြီး ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် မြ၀တီတောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမရ) ၅၄၇ တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၇ ဦး ကျဆုံး၍ ၁၃ ဦးခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦးကျဆုံး၍ တပ်မှူး ၁ ဦး အပါအ၀င် ၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)