Saturday, February 12, 2011

စစ်တပ်ချောကားများ အပစ်ခံရ၊ ၂ ဦး သေဆုံး

မျိုးသန့် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ အရပ်သားပိုင် ကုန်တင်ကားများကို စစ်တပ်က ရိက္ခာပို့ရန် အသုံးပြုရာမှ ခြုံခို တိုက်ခိုက်ခံရပြီး အရပ်သား ယာဉ်မောင်း ၂ ဦး သေဆုံးသည့်ဖြစ်ရပ် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
ရေး-တောင်စွန်း ကုန်စည်ပို့သည့် ကား ၇ စီးကို ကောကရိတ်ခရိုင် ဘုရားသုံးဆူရှိ ရှေ့တန်းသို့ ရိက္ခာပို့ရန် ရေးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၆ က ချောဆွဲခဲ့ရာ KNU နှင့် DKBA ပူးပေါင်းတပ်များ ခြုံခို တိုက်ခိုက်သဖြင့် ရေးမြို့နယ်မှ ကုန်ကားမောင်းသူ ကိုလှမိုး နှင့် ယောက်ဖတော်သူ ကိုစောထွေးလုံတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကရင်ပြည်နယ် မဲဇလီရွာနှင့် အပလုံကြား၌ ကား ၇ စီးအနက် ရှေ့ဆုံးမှ ကိုလှမိုး မောင်းနှင်သည့်ကားကို ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ပြီးနောက် အလောင်းများကို နေရာတွင်ပင် ချန်ထားရစ်ခဲ့သည်ဟု ကိုလှမိုး၏ ဇနီးဖြစ်သူ မခိုင်က ပြောပြသည်။

“မဲဇလုံနဲ့ အပလုံကြားမှာပဲဆိုတော့ ကားတစီးနဲ့ အသုဘရှိတဲ့နေရာကို လိုက်သွားတာပေါ့။ အလောင်းကို လမ်းဘေးမှာပဲ သူတို့ ထားခဲ့တာ။ ခွေးလို ဝက်လိုမျိုးပဲ ကားတစီးနဲ့ မသာနှစ်လောင်းပဲ ချန်ထားတာ” ဟု သေဆုံးသူ ကိုလှမိုး၏ ဇနီး မခိုင်က ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့ခြင်းအတွက် မြန်မာစစ်တပ်မှ တစုံတရာ အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ကိုလှမိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းရီက ဆိုသည်။ သို့သော် သေဆုံးသူ၏ ညီတော်သူ ကိုမိုးဝင်းဆိုသူ၏ ကုန်တင်ကားကို ချောဆွဲခြင်း မရှိစေရန် ကင်းလွတ်ခွင့်စာကို ခလရ ၅၆၆ ၏ ဗျူဟာမှူးက လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ဒေါ်စန်းရီက ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် စစ်သုံးယာဉ်များအစား အရပ်သားကားများကို ချောဆွဲအသုံးပြုလေ့ရှိပြီး ယင်းသို့ ရိက္ခာတင်လာသည့် ကားများကို KNU နှင့် DKBA ပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်လေ့ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။

“ရိက္ခာတင်တယ်၊ သွားတယ်ဆိုလို့ရှိရင် ကျနော်တို့ကလည်း ရန်သူကားပဲ သတ်မှတ်မယ်။ ကျနော်တို့ကတော့ ဒီရိက္ခာကားတွေကို လွှတ်ပေးဖို့ အကြောင်းမရှိဘူး။ အဲဒီမှာ တိုက်ပွဲနဲ့ ကြုံတဲ့အခါကျတော့ ထိခိုက်တာပဲ ဓမ္မတာပဲ” ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

ယခုအခင်းဖြစ်သည့်နေရာသည် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်ပြီး DKBA မှ ဗိုလ်စန်းအောင်နှင့် ဗိုလ်ကျော်သက် တို့၏ တပ်များက မြန်မာစစ်တပ်ကို ခြုံခိုတိုက်ခိုက်နေကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ပုံမှန်အားဖြင့် မြန်မာစစ်တပ်သည် စက်တင်ဘာမှ ဒီဇင်ဘာအထိသာ ရှေ့တန်းတပ်များသို့ ရိက္ခာ ပို့လေ့ရှိသော်လည်း ယခုနှစ်တွင် ကရင်ပြည်နယ်တွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ယခုအချိန်အထိ ရိက္ခာများ ဆက်လက်ပို့ဆောင်နေကြောင်း KNU ဗိုလ်မှူးက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)