Sunday, February 20, 2011

ကျောက်တလုံးစခန်းကို DKBA တိုက်၊ စစ်ဆင်ရေး ဆက်လုပ်မည်

DKBA_kyut
မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ။ (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီ Saturday, 19 February 2011 15:23


 
ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးက “ကားတန်းအဆင်းရက်၊ ကားအစီး ၁၀၀ ကျော်ဆင်းတာ၊ DKBA က နေ့လယ်ပိုင်းမှာ ကျောက်တလုံး စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ထုလို့ နှစ်ဘက်အပြန် အလှန်ပစ်ကြတော့ ကော့ကရိတ်ဆင်းမယ့် ကားထဲက တ၀က်လောက်မြ၀တီဘက် ပြန်သွားရတယ်” ဟု ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ကျောက်တလုံးစခန်းသည် မြ၀တီခရိုင်အတွင်း တည်ရှိပြီး ၎င်းစခန်းအနီးတွင် နအဖတပ် ခမရ ၃၅၅ နှင့် ၃၅၆ တပ်ရင်းများ အခြေစိုက်သည့်နေရာ ဖြစ်သည်။

ထိုနေ့က တိုက်ခိုက်မှုဖြစ်ပြီးသည့်နောက်ပိုင်း ညဘက်တွင် မြ၀တီမြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်ကိုလည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်တပ်၊ ရဲ အပါအ၀င်ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် နအဖတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့မှ ကုန်သည်တဦးက ပြောသည်။ ကော့ကရိတ်မြို့ပေါ်တွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီးရပ် ကွက်များအတွင်း ညလုံးပေါက် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လမ်းကြောင်းကို DKBA အဖွဲ့က ပိတ်ဆို့ဖြတ်တောက်သည့် စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သောကြောင့် အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ကြိုတင် အသိပေး ပြောကြားမှုများရှိခဲ့သော်လည်း ခရီးသွားများနှင့် ကုန်သည်အများစုမှာ အချိန်ကုန်သက်သာပြီး ခရီးတွင်သည့် လက်ရှိလမ်းကိုသာ အသုံးပြုနေကြသည်ဟု ခရီးသွားများက ပြောသည်။

DKBA တပ်မဟာ ၅ ၏ တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်က “လူထုတွေကို အသိပေးလိုတာက မဖြစ်မနေ ခရီးသွားရရင်တောင် သတိထားပြီး သွားလာကြာဖို့၊ နအဖနဲ့ ကင်းကင်းရှင်းရှင်း သွားလာကြဖို့ သတိပေးချင်တယ်။ ဒီစစ်ဆင်ရေးကိုလည်း ဆက်လုပ်သွားမှာ ဖြစ်တယ်။ ကျနော်တို့ရဲ့ပစ်မှတ်က နအဖရဲ့ အာဏာရှင် စစ်ယန္တရားပဲ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြ၀တီခရိုင် ဖလူးဒေသနှင့် ကျောက်ခက်ဒေသတွင် DKBA နှင့် နအဖတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း DKBA ဘက်မှ ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)