Monday, May 2, 2011

အမေရိကန်နှင့် မဟာမိတ်များကို အကြမ်းဖက်စစ် ဆင်နွှဲခဲ့သူ၊ နိုင်းအီလဲဗင်း တရားခံ အိုဆာမာဘင်လာဒင်ကို အမေရိကန်စစ်တပ်က အသေပစ်သတ် နှိမ်နင်းလိုက်ပြီ

မိုးမခ၊ မေ ၂၊ ၂၀၁၁
           မေလ ၁ရက်၊ အရှေ့ဖက်ကမ်း စံတော်ချိန် ၁၁ နာရီခွဲ ညဖက်အချိန်တွင် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုဘာမားကိုယ်တိုင်က ထုတ်ဖော် အတည်ပြုပြောကြားလိုက်သည်။


       မိမိတို့ အမေရိကန်တပ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်တိုင်က ဘင်လာဒင်ကို စစ်ဆင်ရေးဖြင့် အသေပစ် သတ်နှိမ်နင်းနိုင်ခဲ့သည်ဟု ဆိုသည်။ ပစ်သတ်ဖမ်းဆီင်္းသည့် နေရာမှာ ၎င်းပုန်းခိုနေသည်ဆိုသော ၎င်း အကြမ်း ဖက်တပ်ဖွဲ့များရှိသော တာလီဘန်များ၊ အယ်ကိုင်ဒါများ အခြေစိုက်ရာ အာဖဂန်နစ္စတန်ပြည်တွင် မဟုတ်ဘဲ ပါကစ္စတန်ပြည်၊ မြို့ကြီး အစ္စလံမာဘတ်မြို့အနီး၊  ခြံဝိုင်းတခုအတွင်းတွင် ဖြစ်သည်ဟု ဆိုသည်။


      ဘင်လာဒင်နှင့် အပေါင်းအပါများ ပုန်းခိုနေသော နေရာကို ထောက်လှမ်းရေးက သတင်းထောက်လှမ်းပြီး လျို့ဝှက်စစ်ဆင်ရေးကို လပေါင်းများစွာ ပြင်ဆင် ဆင်နွဲခဲ့သည်ဟု သမ္မတကိုယ်တိုင် ထုတ်ပြောခြင်းဖြစ်သည်။ 
        သတင်းထွက်ပေါ်ချိန်မှာ သမ္မတကြီးအတည်ပြုမပြောခင် ၂ နာရီခန့်စောသည်။ ထိုသတင်းကြောင့် ၀ါရှင်တန် ဒီစီ အိမ်ဖြူတော်ရှေ့တွင် ပရိသတ်တို့ စုဝေးပြီး အမေရိကန် နိုင်ငံတော်သီချင်း ဟစ်ကြွေးခြင်း၊ ယူအက်စ်အေ … ယူအက်စ်အေ ဟု ကြွေးကြော်ခြင်းတို့ဖြင့် အောင်မြင်ခြင်း အထိမ်းအမှတ်များ ဆင်နွဲလျက်ရှိသည်။
      အမေရိကန်နှင့် မဟာမိတ်များက နိုင်ငံတကာအကြမ်းဖက် ကွန်ယက်များက ၎င်းတို့၏ ခေါင်းဆောင်တဦးဖြစ်သူ ဘင်လာဒင် (အသက်  ၅၄ နှစ်ခန့်ရှိပြီ) ကျဆုံးသည်ကို လက်တုန့်ပြန်သည့် အကြမ်းဖက် တိုက်ခိုက်မှု များ ပြုလုပ်လာခြင်းကို ကာကွယ်ရန်၊ သတိပြုကြရန် ပြင်ဆင်ခြင်းများ ပြုလုပ်ထားသည်။ 
       လွန်ခဲ့သည် ၂၀၀၁ စက်တင်ဘာ ၁၁ ရက် လွန်ခဲ့သည့် ၁၀ နှစ် က အမေရိကန်ပြည်၊ နယူးယောက်၊ ကမ္ဘာ့ကုန် သွယ်မှု အဆောက်အဦးကို ခရီးသည်လေယာဉ်ကြီးများ ပြန်ပေးဆွဲပြီး ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ရာ လူ ၃ ထောင် ကျော် သေဆုံးခဲ့သည်။ ထိုမှစ၍ ၁၀ နှစ် ဆက်တိုက် အမေရိကန်သည် ကမ္ဘာအနှံ့တွင် အကြမ်းဖက် သမားများ အဖွဲ့အစည်းများကို စစ်ကြေညာပြီး တိုက်ခိုက်နှိမ်နှင်းလျက် ရှိရာ ယခုအခါတွင် တရားခံဖြစ်သူ အကြမ်း ဖက်ခေါင်းဆောင် အိုစာမာ ဘင်လာဒင်ကို အသေပစ်သတ် နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်သည်။
      အိုဘားမားသည် နိုင်ငံတော်၏ ရန်သူ ဘင်လာဒင်ကို နှိမ်နင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်းကို သတင်းကြေညာသည့် စင်မြင့်တွင် တဦးတည်း ထွက်ရှိပြီး အတည်ပြုပြောကြားသွားခြင်းဖြစ်သည်။ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။ အမေရိကန်ပြည်သားတို့၏ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်း သွားမည်။ ကာကွယ်သွားမည်ဟု ပြောသည်။ ထို့အပြင် အမေရိကန်တို့သည် စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက်ချီတက်သွားမည်ဟု ဆိုသည်။ အမေရိကန်သမ္မတ အိုဘားမားသည် စိတ်လှုပ်ရှား ဖွယ်ကောင်းသော သမိုင်းတွင်မည့် ဖြစ်ရပ်ကြီးကို တည်ငြိမ်အေးဆေးစွာဖြင့် တဦးတည် ထုတ်ပြန်သွားသည်မှာ ထူးခြားမှုဟု ဆိုနိုင်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)