Tuesday, May 17, 2011

ရွှေမော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ

Tuesday, 17 May 2011 09:22 KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဖက် မလိခ-အင်မိုင်ခ မြစ်ဆုံဒေသ အထက်ရှိ တယန်ဇွပ်ရွှေမော်တွင် အမျိုးသမီးတစ်ဦးမှ ကချင်မျိုးနွယ် ရ၀မ်၊ ဂျိမ်းဖေါ၊ လီဆူး အမျိုးသမီးငယ်များ ကို ခေါ်ယူမွေးစားသယောင်ပြု၍ လိင်ကျွန်အဖြစ် စေခိုင်းနေကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ မှ အသက် ၄၀ ကျော် အရွယ်ရှိ မအိ ဆိုသူသည် ဧရာဝတီမြစ် မြစ်ဖျား မလိခမြစ် တယန်ဇွပ်ရွှေမော်သို့  လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စတင်၍ လာရောက်အခြေချကာ စီးပွားရေးလုပ်နေသူဖြစ်သည်။
mali-hka-gold-mining
မြစ်ကြီးနားမြို့မြောက်ဘက် ဧရာဝတီမြစ်ဆုံအနီး မြင်တွေ့ရသော
ရွှေမော်တစ်ခု။

သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စတင်၍ အသက် ၁၅ နှစ် ၁၆ နှစ် အရွယ်ရှိ ပူတာအို၊ မချမ်းဘောနှင့် ရွှေမော်တ၀ိုက်မှ အမျိုးသမီးငယ်များကို မွေးစားသယောင်ပြု ၍ ဒေသခံ မြန်အစိုးရ အာဏာပိုင်များနှင့် ရဲအရာရှိများထံသို့  အခကြေးငွေယူ၍ လိင်အဖျော်ဖြေခံစေလွှတ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

အလုပ်ရှာဖွေသွားလာနေသည့် အမျိုးသမီးငယ်များအား အလုပ်ပေးမည်ဟု ခေါ်ယူကာ လိင်ဖျော်ဖြေမှုတွင် အတင်းအဓ္ဓမစေခိုင်းနေသည်ဟု မချမ်းဘောမြို့မှ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပြောသည်။

အမျိုးသမီးငယ်များအား ခိုင်းစေသော်လည်း လုပ်အားခမပေးပဲ ပတ်ဝန်းကျင်တွင် သမီးအဖြစ်မွေးစားသယောင် သတင်းလွှင့်၍ သိမ်းသွင်းခဲ့သည်ဟု ထိုအမျိုးသမီးငယ်၏ မိသားစုက ပြောသည်။

အမျိုးသမီးငယ်များကို မိဘဆွေမျိုးများရှာဖွေလျင်လည်း ၀ှက်ထား၍ သွားလာခွင့်မပြုပဲ ပိတ်ပင်ထားသည်ဟု ပြောသည်။

မအိသည် ရွှေမော်တွင် ရွှေကျင်ခြင်း၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ဖွင့်ခြင်းနှင့် တယန်ဇွပ်တည်းခိုခန်း ပိုင်ရှင်ဖြစ်ပြီး နယ်မြေခံ စစ်ထောက်လှမ်းရေးအရာရှိများ၊ ရဲအရာရှိများနှင့်လည်း ရင်းနှီးကျွမ်းဝင် နီးစပ်သူဖြစ်သောကြောင့် လွပ်လွပ်လပ်လပ် သွားလာ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀မှ ယခုချိန်ထိ မအိ က မွေးစားခဲ့သည် ဆိုသော ဂျိမ်းဖေါ၊ ရ၀မ်၊ လီဆူး အမျိုးသမီးငယ် အနည်းဆုံး လေးဦးခန့် မှာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ရွှေမှော်နှင့် ပတ်ဝန်းကျင်ဒေသများတွင် အာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သူများသည် ယခုလို လုပ်ဆောင်ခြင်းကြောင့် ဒေသခံအမျိုးသမီးငယ်များ၏လုံခြုံရေး တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်နေရကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)