ကဆုန်လပြည့် ၁၅ရက်။မေ ၁၇၊၂၀၁၁။
ဆူးပန်း (မေ-၁၇)။ ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကမှ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖက်ဒရယ်ကောင်စီအဖွဲ့ကိုလည်း တဖန်ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟု အဖွဲ့၏ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာမှပြောပါသည်။ အဖွဲ့၏သဘောထားကိုလည်း မေလ(၁၆)ရက်နေ့တွင်ထုတ်ပြန်ကျေညာခဲ့ ပါသည်။ ပြောင်းလဲဖွဲ့စည်းရသည့်အခြေအနေကို နိုင်ဟံသာမှယခုလိုရှင်းပြပါသည်။
“ကျွန်တော်တို့ကအရင်တုံးကဖွဲ့စည်းတဲ့နေရာမှာ နိုင်ငံရေးဦးဆောင်အဖွဲ့ဆိုပြီးတော့ သီးခြားဖွဲ့စည်းထားတယ်။ အခုက အဲဒီနိုင်ငံရေးဦးဆောင်အဖွဲ့ကို ကျွန်တော်တို့သီးသန့်မထားတော့ဘူး။ အဓိကကတော့ ကောင်စီအဖွဲ့ဝင်နဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ဒီလိုဘဲ နှစ်ဆင့်ဘဲထားလိုက်တယ်လေ။ အဲတာလဲ အသစ်ဖွဲ့စည်းတဲ့ပုံစံပါဘဲ။ အဲဒီလိုပုံစံနဲ့ပြန်ပြင်ဆင်လိုက်တာပါ။ နောက်ပြီးတော့မှ အရင်ကရွေး ထားတဲ့ ဗဟိုအလုပ်အမှုဆောင်သစ်တွေကိုလဲ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်။ ဒီဗိုလ်ချုပ်အင်ဘန်လှကဥက္ကဌဖြစ်လာတယ်။ ဗိုလ်ချုပ်ကြီးမူးတူးက အခုကတော့ဒီကာကွယ်ရေးဌာနတာဝန်ခံနဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ အခုအပါတ်ကတော့ အချင်းချင်းညှိနှိုင်းပြီးတော့မှ အဆင်ပြေမဲ့ပုံစံနဲ့သာ ဖွဲ့စည်းတဲ့သဘောဖြစ်တယ်လေ။”
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင်ပါဝင်သော တိုင်းရင်းသားအဖွဲ့ (၁၂)ဖွဲ့ ကိုလည်း အခုအစည်းအဝေးတွင် အခြေအနေမတူညီသည့်အဖွဲ့များကို ခွဲခြားပြီးပြန်လည်ဖွဲ့စည်းခဲ့သည်ဟု နိုင်ဟံသာ က ပြောပါသည်။
“အခုကအခြေခံအဖွဲ့အစည်းနဲ့ ကျန်တာတွေကတော့ ဒီဆက်စပ်အဖွဲ့အစည်းဆိုပြီးတော့မှ (၂)မျိုးလုပ်လိုက်တယ်။ အခြေခံအဖွဲ့အစည်းဆိုတာက ခိုင်မာတဲ့နိုင်ငံရေးအဖွဲ့အစည်းရှိရမယ်။ နောက်ပြီးတော့ခိုင်မာတဲ့တပ်မတော်ရှိရမယ်။ နောက်အခြေခံနယ်မြေရှိရမယ်။ အခြေခံပြည်သူလူထုရှိရမယ်ဆိုတဲ့အဲဒီအဖွဲ့တွေနဲ့ အခြေခံအဖွဲ့အစည်းအနေနဲ့ထားပြီးတော့မှ ကျန်တဲ့အဖွဲ့တွေကို ဆက်စပ်ပူး ပေါင်းတဲ့အဖွဲ့အစည်းအနေနဲ့ အဲဒီလိုပေါင်းစည်းလိုက်တယ်။ ဒါကအလုပ်လုပ်တဲ့နေရာမှာ နိုင်ငံရေးမှာရော စစ်ရေးမှာရော အကောင်အထည်ဖေါ်တဲ့နေရာမှာ ပိုမိုထိရောက်စေချင်လို့ပေါ့လေ။”
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များကို အစိုးရမှစစ်ရေးအရထိုးစစ်ဆင်ဆင်လာမည်ဆိုလျှင် စုပေါင်းပြီး ခုခံကာကွယ် သွားမှာဖြစ်သလို တဖက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက်နိုင်ငံရေးနည်းလမ်းအရတွေ့ဆုံရန် ကမ်းလှမ်း လာလျှင် ဆွေးနွေးသွားရန်အဆင်သင့်ရှိကြောင်းနိုင်ဟံသာ ကပြောပါသည်။
အဖွဲ့အနေနှင့် ပြည်တွင်းစစ်ကြီးကျယ်ပြန့်သွားအောင်လုပ်ဆောင်ဖို့အစီအစဉ်မရှိသလို နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဆွေးနွေးရန်အတွက်အတွက် အစိုးရအနေနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ထိုးစစ် ဆင်မှုကို ရပ်တန့်ပေးရန်လိုအပ်ကြောင်း နိုင်ဟံသာကပြောသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအနေနှင့် ပြည်တွင်းစစ်ကိုနိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာချင်သော်လည်း စစ်အစိုးရအနေနှင့်စစ်ရေးအရဖြေရှင်းတိုက်ခိုက်လာမည်ဆိုလျှင် အချင်း ချင်း ပူးပေါင်းပြီးခုခံတော်လှန်သွားမည်ဟု ကျေညာချက်တွင်ထုတ်ပြန်ထားပါသည်။

No comments:
Post a Comment