Thursday, May 19, 2011

သံတောင်မြို့နယ်တွင် အစိုးရ စစ်တပ်က စပါးမျိုးစေ့များနှင့် တဲအိမ်များကို မီးရှို့ဖျက်ဆီး

18 May 2011
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ရင်း ၂ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ တောင်ယာစပါးမျိုးစေ့များနှင့် လူနေတဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉) လက်အောက်ခံ ခမရ(၅၄၁)နှင့် ခမရ(၃၇၆) တပ်ရင်းတို့သည် ပြီးခဲ့သည့် မေလ ၁၅ရက်နေ့က ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ စပါးမျိုးစေ့၃၃တင်းခွဲနှင့် လူနေတဲအိမ် ၆လုံးကို အကြောင်းမဲ့ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


၎င်းက “စကခ(၉)၊ ခမရ(၃၇၆)နဲ့ ခမရ(၅၄၁) တပ်ရင်း ၂ရင်းကနေပြီး ရေသိုးကြီးအထက်က မောင်းတိုင်ကြီး၊ ခူလောင်အဲမှာရှိတဲ့ ရွာသားတွေရဲ့ တောင်ယာခင်းထဲကိုဝင်ပြီးတာနဲ့ စပါးမျိုးစေ့ ၃၃တင်းခွဲ ဖျက်ဆီးပစ်လိုက်တယ်။ လူနေအိမ်တဲထဲမှာ အိုးတွေ၊ ခွက် တွေ၊ အသုံးအဆောင်တွေ ယူလို့နိုင်သလောက် ယူတယ်။ တဲခြောက်လုံးကိုလည်း မီးရှို့ပစ်လိုက်တယ်။”ဟု ပြောသည်။

ယခု စပါးမျိုးစေ့များနှင့် လူနေတဲအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်နေရာသည် ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက်ခြမ်း မိုင် ၄၀အ ကွာအဝေးတွင်ရှိပြီး ၎င်းဒေသတွင် အစိုးရစစ်တပ်ကို အတွေ့မခံသည့် ရွာပုန်းရွာရှောင်ဖြင့် နေထိုင်သော ဒေသခံ ကရင်ပြည်သူ ၃၀၀ကျော်ရှိသည်။

ထိုကဲ့သို့ စပါးမျိုးစေ့များ ဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံတောင်သူများသည် ယခုနှစ် တောင်ယာစပါး စိုက်ပျိုး၍မရသော ကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံရနိုင်သည်ဟု အဆိုပါဒေသခံက ပြောသည်။

“တကယ်လို့ ရိုးရိုးဆန်ကို ဖျက်ဆီးသွားလို့ရှိရင် ပြန်ဝယ်ယူပြီးတော့ စားလို့ရသေးတယ်။ မျိုးစေ့ကျတော့ လာမယ့်တနှစ်စာအတွက် ရည်ရွယ်ထားတဲ့ မျိုးစေ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနည်းဆုံး တနှစ်တာကာလကတော့ ဘာမှလုပ်စားလို့မရတော့ဘူး။ နောက်နှစ်အတွက် တော်တော် ဒုက္ခရောက်မယ်။”ဟု ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၀၆-၂၀၀၇ခုနှစ်က တောင်ငူခရိုင်တွင် အလားတူ နအဖစစ်တပ်များ၏ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် ထောင် နှင့်ချီသည့် တောင်ငူဒေသခံများသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးကာ တောတောင်များတွင် ရွာပုန်းရွာရှောင်အဖြစ် ယနေ့ အချိန်ထိ ပုန်းအောင်းနေထိုင်နေရဆဲဖြစ်သည်

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)