09 Jun 2011 ချင်းမိုင် (မဇ္ဈိမ) ။ ။
ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သေနတ်သမားများ တိုက်ခိုက်မှု ဖြစ် အပြီး နောက်တရက်တွင် လက်သည်ကို လိုက်လံရှာဖွေသော အစိုးရတပ်စစ်ကြောင်းက မြို့နယ်အတွင်းရှိ ရွာသားအချို့ကို ပေါ်တာဆွဲကာ အကာအရံအဖြစ်ပင် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၆ ရက်နေ့တွင် ခလရ ၃၇၃ စစ်ကြောင်း ၁ ၊ ၂ ပူးပေါင်းစစ်ကြောင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦးနှင့် အပလုံရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်းရှေ့မှ ချီတက်စေပြီး ကျန်သူများကို တပ်ရိက္ခာ ထမ်းစေသည်ဟု ပြောသည်။
“အဲဒီအမျိုးသမီးတချို့ KNU (ကရင်အမျိုးသားအစည်းအရုံး) ဘက်က တိုက်ပွဲမဖော်နိုင်အောင် စစ်ကြောင်းရဲ့ အရှေ့ကို သွားပေးရတယ်။ အဲဒါ ကျည်ကာအဖြစ်ပေါ့” ဟု အပလုံကျေးရွာ အုပ်ချုပ်ရေး ကော်မတီဝင်တဦးက မဇ္ဈိမကို ပြောသည်။
ထိုဒေသတွင် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ NMSP မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ရွာသားများကို ပေါ်တာဆွဲ ဖမ်းဆီးသွားသည်ကို သိရှိရကြောင်း ပြောသည်။ သို့သော် သူ့အနေဖြင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိပါ။
ဒေသအာဏာပိုင်များကိုလည်း မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုခြင်း မပြုပါ။
သီးခြား အတည်မပြုနိုင်သော KNU ဘက်မှလာသော သတင်းတရပ်တွင် ထိုစစ်ကြောင်းကို KNU က ခြုံခိုတိုက်ခိုက်ရာ ခလရ ၃၇၃ မှ ဗိုလ်ကြီးတဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကာ၊ ပေါ်တာဆွဲခံရသူ အသက် ၃၂ နှစ် အရွယ်ရှိ နော်မိုးမိုးအေးလည်း ဘယ်ဘက် လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဇွန်လ ၅ ရက်နေ့တွင် သေနတ်သမားများက ဘုရားသုံးဆူမြို့တွင် နေရာနှစ်ခုတွင် ပစ်ခတ်ရာ စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ ၂ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
No comments:
Post a Comment