Saturday, June 11, 2011

KIA က မြန်မာတပ်အရာရှိ ၂ ဦး ပြန်လွှတ်ပေး

သဲသဲ | သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၆ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။       ။ နှစ်ဖက် ဖမ်းဆီးထားသူများ လဲလှယ်ရေး သဘောတူကာ ကချင်လွတ်မြောက်ရေးတပ် KIA က မြန်မာတပ်အရာရှိ ၂ ဦးနှင့် တပ်သားတဦးကို ကြာသပတေးနေ့ ညနေပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း စောင့်ကြည့် အကဲခတ်နေသော တရုတ်-မြန်မာနယ်စပ်နေ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။


 မေလ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအပြီး ညနေပိုင်းတွင် ယခင်ဖမ်းဆီးထားသည့် မြန်မာစစ်တပ်မှ ခလရ ခြေလျင်တပ်ရင်း ၄၃၇ မှ ဗိုလ်ကြီးကိုကိုဝင်း၊ ဗိုလ်မြတ်ကိုကိုနှင့် တပ်သားတဦးကို KIA က ပြန်လွှတ်ပေးခြင်း
 ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားသည့် KIA ဝန်ထမ်းအချို့အနက် မည်ရွေ့မည်မျှ လွတ်လာပြီကို မသိသေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။


“ဖမ်းထားတဲ့ မြန်မာတပ် ၄၃၇ က အရာရှိ ၂ယောက်နဲ့ တပ်သား ၁ ယောက်ကိုလွှတ်ဖို့၊ KIAဘက်မှာ လည်း မြို့ပေါ်မှာ အရင်တုန်းက ဖမ်းထား တဲ့ KIA က လူတွေနဲ့ လဲဖို့ သဘောတူပြီး ညနေ ၅ နာရီလောက်မှာ KIA က သူတို့ဖမ်းထား တဲ့ မြန်မာစစ်တပ်က လူတွေကို လွှတ်ပေးလိုက်တယ်” ဟု သူက ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရ ဂျိမ်းစ်လွန်ဒေါင်းကမူ ၉ ရက်နေ့ တိုက်ပွဲတွင် ဖမ်းဆီးခဲ့သူများ ပြန်လွှတ်ရေးကို ၎င်းတို့ အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည်ဟု
 ပြောသည်။

“ခေါင်းဆောင်တွေ ညှိနှိုင်းကြပါတယ်။ ဒီကိစ္စက ပြေလည်သွားမှာပါ။ ဘာလို့လဲဆိုတော့ အပစ်အခတ် ရပ်စဲထားတဲ့ အချိန်က ကတိထားတဲ့အတိုင်းပဲ၊ ကျနော်တို့က လုပ်လာကြတာပါ” ဟု သူက ဆိုသည်။

သို့သော်လည်း အသေးစိတ်ကိုပြောကြားရန် သူက ငြင်းဆန်သည်။

မေလ ၈ ရက်နေ့ ညနေတွင် KIA နယ်မြေအတွင်း အစိုးရ တပ်သားများ ဝင်လာသဖြင့် KIA က ဖမ်းဆီးလိုက်ပြီး၊
 နောက်ရက်တွင် တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နှင့် ၎င်းနယ်မြေကပ်လျက် တပ်စွဲထားသည့် ခလရ ၄၃၇ တို့ မနက် ၇ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး
 နှစ်ဖက်အကျအဆုံး ရှိခဲ့သည်။

အစိုးရတပ်မှ အင်အား ၂ဝဝ ခန့်ရှိကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဗိုလ်မှူးတဦး အပါအဝင် ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဦးအောင်ကျော်ဇော အဆိုအရ သိရသည်။

ဂျိန်းစ်လွန်ဒေါင်းက “အထက်အမိန့်မရလို့ ပြန်မလွှတ်ပေးသေးတဲ့ အချိန်ပေါ့ဗျာ။ မနက်ပိုင်းက လူအင်အား အများကြီးနဲ့ လာတိုက်တယ်။ နှစ်ဖက် အကျအဆုံးရှိတယ်။ အတိအကျ ကျနော် မပြောချင်ဘူး” ဟု ဆိုသည်။

မဇ္ဈိမမှ စုဆောင်းရရှိသည့် သတင်းများအရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က KIO ဘက်မှ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း ၂ ဦးဖြစ်သည့် ဦးဘရန်မိုင်နှင့် ကိုလဆိုင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေစိုက် တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်နှင့် တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်တို့ကို ၂ဝ၁၁ မတ်လအတွင်း ဖမ်းဆီးခဲ့သည်။

အစိုးရတပ်များက KIA ထိန်းချုပ်ရာ တပ်ရင်း ၅ ဒေသတွင်း ဝင်ရောက်လှုပ်ရှားနေမှုကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်များရုပ်သိမ်းပေးရန် သတိပေးခဲ့သေးသည်။

“ရှေ့လျှောက်ပြီး ဒီလိုပဲ ဆက်လုပ်လာမယ်ဆိုရင်တော့၊ လူကြီးတွေက ရှေ့တန်းက လူတွေကို မင်းတို့ ကြိုက်ရာလုပ် ဆိုတဲ့ပုံစံမျိုး ပေါ်လာတယ်ဆိုရင်တော့ မကောင်းတော့ဘူးဗျာ” ဟု ဂျိမ်းစ်လွန်ဒေါင်းက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်ခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် KIO က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့သည်။

ထို့အပြင် ၂ဝ၁ဝ အောက်တိုဘာတွင် KIA ကို သောင်းကျန်းသူဟု အစိုးရ သတင်းစာ၌ ပြန်လည် သုံးနှုန်းခဲ့သည်။
 နိုဝင်ဘာလထဲတွင် KIO ၏ ဆက်ဆံရေးရုံးများ ပိတ်သိမ်းရန် ညွှန်ကြားလာခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)