Saturday, June 11, 2011

တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု

10 Jun 2011
နယူးဒေလီ (မဇ္ဈိမ) ။ ။

အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့ အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာအတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။

၃၄ ဦးအနက် ၁၀ ဦးမှာ KNU အဖွဲ့ဝင်များဖြစ်ပြီး၊ ကျန် ၂၄ ဦးမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ NUPA မှ ဖြစ်ကြသည်။


 


မြန်မာ့ဒီမိုကရေစီအင်အားစုများက ဦးစီးကျင်းပသည့် အဆိုပါဂုဏ်ပြုပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ မစ်ရှင်အကြီးအကဲ မစ္စစ် Monserrat Feixas Vihe ကလည်း “UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီ ၃၄ ယောက်ကို လုံလုံခြုံခြုံနဲ့ ပြန်လည် လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ပါဝင်ကူညီပေးနိုင်ခွင့် ရတာဟာ ကျမတို့အတွက် အခွင့်ထူးတရပ်ပါပဲ” ဟု ပြောဆိုသွားသည်။
၁၉၉၈ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက အိန္ဒိယရေတပ်မှ ဖမ်းဆီးခဲ့သည်မှာ မျိုးချစ် ၃၆ ဖြစ်ပြီး ၂ ဦးမှာ ချုပ်နှောင်ထားရာမှ ထွက်ပြေးပြီး ယခုထိ
ပျောက်ဆုံးနေသည်။ ကျန် ၃၄ ဦးအနက် ၃၁ ဦးမှာ ၂ဝ၁၁ မေ ၁၉ ရက်တွင် ကိုလ်ကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး နယူးဒေလီသို့ ရောက်ရှိလာခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ကြသည်။ ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ကာ မကြာမီ ပြန်လွတ်လာမည် ဖြစ်သည်။

အိန္ဒိယပိုင်နက် အန္ဒမန်ကျွန်းစုထဲမှ လန်းဖောကျွန်းတွင်
မြန်မာမျိုးချစ်သူပုန်များအတွက် အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် အိန္ဒိယ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ၏ လီဆယ်သွေးဆောင်မှုကြောင့် ထိုကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

ကျွန်းပေါ်ရောက်ပြီး နောက်တရက်တွင် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၃၆ ဦးမှာ ၁၃ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်။

CBI ခေါ် အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ ၎င်းတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲခဲ့သည်။ ၎င်းလက်နက်ခဲယမ်းများသည် အိန္ဒိယအရှေ့မြောက်ဒေသရှိ သောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။

ဒီလုပ်ကြံမှုကြီးရဲ့ တရားခံ အစစ်အမှန်ဟာ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ ဖြစ်တယ်။ ဒီလုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ အိန္ဒိယ ထောက်လှမ်းရေးဌာန တခုလုံးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဂရေးဝေါကသာ တရားခံအစစ်ဖြစ်ပြီး အားလုံးကို လိမ်သွားတာဖြစ်ပါတယ်” ဟု NCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
လွတ်မြောက်လာခဲ့သည့် ရခိုင်အမျိုးသား ခိုင်စိုးနောင်က “ထောင်ဆိုတာ ဘယ်ထောင်မှ မကောင်းပါဘူး။ အခုလို ကျနော်တို့ လွတ်မြောက်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသလို ကမ္ဘာပေါ်မှာ အဆိုးဆုံးထောင်တခုဖြစ်တဲ့ ဗမာပြည်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်လည်း ဆောင်ရွက်သွားကြစေလိုပါတယ်” ဟု တိုက်တွန်းသွားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)