Sunday, November 13, 2011

ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်ဖွဲ့များ လက်နက်ချရန် တောင်းဆိုခံရ

12 Nov 2011 04:28 AM PSTစောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံရန် အစိုးရစစ်တပ်၏ တောင်းဆိုခြင်းခံခဲ့ရသည်ဟု ဒီကေဘီအေဘက်က ပြောသည်။



ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ် ခလရ(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဝင်းခိုင်က ဘုရားသုံးဆူ ဒေသတွင် လှုပ်ရှားနေသည့် ဗိုလ်ကြီးအေ၀မ်း ဦးစီးသော ဒီကေဘီအေ တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံပြီး မြို့ တွင်းသို့ ပြန်လည်နေထိုင်ရန် ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ တောင်းဆိုခြင်းဖြစ်သည်ဟု ဗိုလ်ကြီးအေ၀မ်း က ပြောသည်။

၎င်းက “ဘုရားသုံးဆူနယ်မြေဟာ ဝေါ်လေဒေသနဲ့မတူဘူး ပြောတယ်။ ခင်ဗျားတို့ လက်နက်အပ်ပြီးတော့ မြို့ထဲ ပြန်လာနေ ပါ။ စီးပွားရေး ပြန်လာလုပ်စားပါတဲ့။ ကျနော်ကလည်း ဒီကေဘီအေက ဝေါ်လေဒေသ တစ်ခုတည်း သတ်မှတ်ပြီးတော့ အပစ် အခတ်ရပ်စဲတာ မဟုတ်ဘူး။ ကရင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့လုပ်တာ။ ကျနော်တို့ လက်နက်အပ်နှံဖို့ အပစ်အခတ် ရပ်စဲတာ မဟုတ်ဘူးလို့ ပြန်ပြောခိုင်းလိုက်တယ်။”ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ ဗဟိုအဆင့်သို့ တိုင်ကြားထားကြောင်း အကယ်၍ အစိုးရစစ်တပ်ဘက်မှ ယခုလို ပုံစံအ တိုင်း ခွဲခြားဆက်ဆံမှုများ ဆက်လက် ပြုလုပ်လာပါက ၎င်းတို့အနေဖြင့် စစ်ရေးအရ တုန့်ပြန်ရလိမ့်မည်ဟု ဗိုလ်ကြီးအေ၀မ်းက ကေအိုင်စီကို ပြောသည်။
ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသည့် တပ်အင်အား ၃၀ကျော်ရှိ ဗိုလ်ကြီးအေ၀မ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း (၉၀၂) တပ်ခွဲ(၃)သည် လက်ရှိအချိန်တွင် ကေအဲန်အယ်လ်အေ တပ်ဖွဲ့နှင့်အတူ လက်တွဲထားဆဲဖြစ်သည်ဟု ဒီကေဘီအေက ပြောသည်။

ဒီကေဘီအေ ပြည်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ သွားရောက်တွေ့ဆုံတဲ့ ၀န်ကြီးအဖွဲ့က ရှေ့တန်း တပ်မှူးတပ်သားတွေကို အသိပေး အကြောင်းကြားမှု မရှိသေးတာ ဖြစ်နိုင်တယ်။ ဟိုဖက်ခြမ်းမှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကိုလည်း စိတ်ရှည်သီးခံဖို့ ပြောထားသလို ဒီကိစ္စကို အစိုးရဖက်ကိုလည်း ၀င်ရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားထားပါ တယ်။ ပြဿနာက ဒီလောက် မကြီးကျယ်လောက်ဘူးလို့ ထင်တာပဲ။”ဟု ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့မှ ကိုယ်စားလှယ်အချို့သည် နိုဝင်ဘာလ ၃ရက်နေ့က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဘားအံမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသ တာအူထာ့နေရာ၌ အပစ်အခတ် ရပ်စဲရသည့် အကြောင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၈ရက်တွင် တပ်အစည်းအဝေးနှင့် ၁၁ရက်နေ့တွင် လူထုရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒီကေဘီအေသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်ခဲ့ရာမှ ယခု အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် သံသယ၀င် နေသူများလည်း ရှိသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)