Sunday, November 20, 2011

မြန်မာနိုင်ငံရေးအပြောင်းအလဲ တွေ ဆက်လုပ်ဖို့ သြစတြေးလျဝန်ကြီးချုပ် တိုက်တွန်း

By ဗွီအိုအေ (မြန်မာဌာန) 

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတော်များများ ရှိနေတာကို အသိအမှတ်ပြု ကြိုဆိုပေမဲ့လို့ ဆက်ပြီး လုပ်စရာတွေ အတော်လေး ကျန်သေးတယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလက် (Julia Gillard) က ပြောလိုက်ပါတယ်။ မနေ့က အရှေ့အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးအတွင်း တတ်ရောက်လာတဲ့ ခေါင်းဆောင်တွေဟာ မကြာသေးခင် မြန်မာပြည်တွင်း တိုးတက်ပြောင်းလဲမှုတွေအပေါ် ကြိုဆိုထောက်ခံခဲ့ကြပါတယ်။


သြစတြေးလျဝန်ကြီးချုပ် Julia Gillard ကတော့ မြန်မာနိုင်ငံကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရဒ် (Kevin Rudd) မကြာခင်ကသွားခဲ့တာရော၊ အခု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကို သွားမယ်ဆိုတဲ့ အစီအစဉ်တွေဟာ မြန်မာနိုင်ငံတွင်းက တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒီထက် လုပ်ဆောင်စရာတွေ အတော်လေး ကျန်နေတယ်ဆိုတာကိုတော့ မြန်မာသမ္မတဦးသိန်းစိန်ကို သူတိုက်ရိုက်ပြောခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ်က မနေ့က သတင်းထောက်တွေကို ပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်စရာတွေ အတော်ကျန်ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ သင့်တော်တဲ့ ဒီမိုကရေစီ ပြုပြင်ဆောင်ရွက်မှုတွေကို အသေအချာလုပ်ဖို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်ဖို့၊ ဒါတွေကို သမ္မတ ဦးသိန်းစိန်နဲ့တွေ့တော့ သူ့ကို တိုက်ရိုက် ကျမ ထောက်ပြခဲ့ပါတယ်။ အခုလက်ရှိကာလအထိ ဆောင်ရွက်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေကိုလည်း ကြိုဆိုပါတယ်။”
ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ဖြစ်ထွန်းမှုတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေအနေတွေ တိုးတက်လာတဲ့အပေါ် အားရကျေနပ်မိတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)