တပ်မှူးတပ်သား ပြောစကား (၀၈၂)
ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံအာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာလဆန်းမှာ ထွက် ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း၊ ဌာနေပြည်သူ့ စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်းလာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့်ရှိသူက၊ ပြည်ပကမြန်မာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၁)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက်လိုက်ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၈၈-၈၉ နောက်ပိုင်းမှာ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းတဲ့အနေအထား မျိုး၊ အင်မတန်မှ နည်းခဲ့ပါတယ်။ အဲဒီအခွင့်ကောင်းကိုယူပြီး၊ ကိုးကန့်တို့ ‘၀’တို့ နယ်မြေမှာ၊ ဘိန်းအများအ ပြားစိုက်၊ မူးယစ်ဆေးဝါးကနေ ပိုက်ဆံတွေ အများအပြားရခဲ့သလို၊ ခွန်ဆာလှုပ်ရှားတဲ့ ဟိုမိန်းနဲ့ ရှမ်းပြည် အရှေ့ပိုင်းဒေသမှာလည်း၊ မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လာကြတာတွေ ရှိခဲ့ပါတယ်။ ထုတ်တဲ့ မူးယစ်ဆေးဝါးတွေက အဲဒီ အချိန်တုန်းက ယိုးဒယားနယ်စပ်ကို သွားပါတယ်။ တရုတ်ဘက်ကိုတော့ ‘၀’က ပို့ရဲတဲ့ အနေအထားမျိုး၊ အဲဒီတုန်းက မရှိခဲ့သေးဘူး ခင်ဗျ။ အဲဒီအချိန်မှာ ခွန်ဆာရဲ့ မူးယစ်ဆေးဝါးတွေက လည်း ယိုးဒယားကနေပြီးမှ ဖြတ်တယ်။ ‘၀’ တွေ ကိုးကန့်တွေ ဘက်ကလည်း၊ ယိုးဒယားနယ်စပ်ကတဆင့်၊ မူးယစ်ဆေးဝါးလမ်းကြောင်းတွေ လုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အစိုးရဘက်ပိုင်းကလည်း၊ ဒီမူးယစ်ဆေးဝါး ဘိန်းဖြူဆိုတာက၊ ယိုးဒယားနဲ့ အမေရိကန်တွေပဲ သေတာပဲ၊ သေပေ့စေပေါ့ကွာ ဆိုပြီး၊ မျက်နှာလွှဲထားတဲ့ အနေအထားမျိုးတွေ ရှိခဲ့ဖူးပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒါက အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြ၀ါဒလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား ဆိုတာကို၊ ကျနော် ကြားသိသလောက်ပြောရ ရင် တော့၊ ဒါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စကားပါပဲ။ “ဒီဘိန်းဖြူဆိုတာ ငါတို့ ပြည်တွင်းမှာ ဘာမှ ဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့အမေရိကန်တွေ သေတာပဲ၊ သေပေ့စေပေါ့ကွာ”ဆိုတဲ့ သူ့ရဲ့ နှုတ်စကားက၊ လမ်းညွှန် ချက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက။
ဦးရော်နီညိမ်း ။ ။ လွှတ်ထားလိုက်ဆိုတဲ့ သဘောပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ လွှတ်ထားလိုက်ဆိုတဲ့ သဘောမျိုး၊ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄-၉၅ လောက်ကျတော့၊ တစ်ကမ္ဘာလုံးက ၀ိုင်းအော်လာတဲ့အချိန်မှာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး၊ ပြန်ပြီးတော့ ထိန်းရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အဲဒီတော့ မူးယစ်ဆေးဝါးတင်ပို့တဲ့ လမ်းကြောင်း ရှာရာကနေပြီးတော့၊ နဂိုထဲကိုက ရန်သူဖြစ်ခဲ့ကြတဲ့ ခွန်ဆာရဲ့ တပ်တွေနဲ့ ‘၀’ တပ်တွေ၊ အဆင်မပြေဖြစ်ခဲ့ကြ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါက ‘၀’ တပ်တွေနဲ့ ခွန်ဆာနဲ့ ပြဿနာပေါ့။ အဲဒီတော့၊ န၀တ အစိုးရဆီကို သူက ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်မခံတဲ့အခါကျတော့၊ ခွန်ဆာက ရှမ်းပြည်နယ်ထဲမှာ အင်အားတည် ဆောက်လာတဲ့ အနေအထား ရှိခဲ့ပါတယ်။ အဲဒီတုန်းက SURA (Shan United Revolutionary Army) ခေါ် တာပေါ့၊ အဲဒီ SURA ထဲကို ရှမ်းတပ်တွေ တော်တော်များများကို ခွန်ဆာက သိမ်းသွင်းလိုက်တဲ့အခါမှာ၊ ၁၉၉၃ ပတ်ဝန်းကျင်လောက်မှာ ခွန်ဆာဟာ တပ်အင်အား သုံးသောင်းလောက်ကို စုစည်းနိုင်တဲ့ အင်အားရှိခဲ့ တယ်။ ဒီ့အပြင် ဟိုမိန်းက ခွန်ဆာရဲ့ ဌာနချုပ်မှာ လက်နက်စက်ရုံတွေက အစ၊ တည်ထောင်ခဲ့ပြီးတော့ ခွန်ဆာက သူ့ကိုယ်သူလဲ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာခဲ့ ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ မှတ်မိတာက၊ ခွန်ဆာက သူဟာ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတာ၊ ဘိန်းကုန်ကူးတဲ့ ကုန်သည်မဟုတ်ဘူးဆိုတဲ့ ၀ါဒဖြန့်ချက်မျိုးနဲ့ မြန်မာ့တပ်မတော် စစ်စခန်းတခုကို သူ့ရဲ့တပ် တွေနဲ့ ၀င်ရောက်စီးနင်းတိုက်ခိုက်တာကိုတောင်မှ၊ ဗီဒီယိုရိုက်ပြီး၊ ကမ္ဘာကိုလွှင့်ထုတ်ပြသနိုင်အောင် ကြိုးပမ်း ခဲ့တာကို မှတ်မိနေပါတယ်။ နောက်တခါ သူ့ရဲ့စခန်းကို ဖိတ်ခေါ်ပြီးတော့၊ သူ့ရဲ့တပ်တွေ အများကြီးနဲ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေတဲ့ ဗီဒီယိုကိုလည်း၊ နိုင်ငံခြားမီဒီယာတွေကနေ လွှင့်ထုတ်ပြသဖို့ သူ ကြိုးစားခဲ့ တာကိုလည်း၊ ကျနော်တို့ မှတ်မိနေပါတယ်။ အဲဒါတွေနဲ့ သူ့ကိုယ်သူ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာတာနဲ့ ဆက်စပ်နေပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်အဲဒီအခါတုန်းက အမေရိကန်သမ္မတရဲ့မူးယစ်ဆေးဝါးဆိုင်ရာအကြံပေး အရာရှိ Peter Bourneကိုယ်တိုင် ဟိုမိန်းကို သွားပြီးတော့၊ ခွန်ဆာနဲ့တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ခွန် ဆာက သူဟာ မူးယစ်ဆေးဝါးကုန်သည် မဟုတ်ဘူး၊ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့၊ ကြွေးကြော် ပြနေတဲ့အနေအထား ရှိခဲ့ပါတယ်။ တဘက်မှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်တွေကို သူ ၀င်တိုက်တာလည်း ရှိပါတယ်။ ၁၉၉၃လောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမိုင်းဆတ်နယ်မြေက ဗျူဟာမှူးအခြေစိုက်တဲ့ မိုင်း ကျွတ်စခန်းကုန်းကို ခွန်ဆာရဲ့တပ်တွေက ၀င်တိုက်တဲ့အခါမှာ၊ မြန်မာ့တပ်မတော်ဘက်က တော်တော်လေး အကျအဆုံးများ ခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ ရာနဲ့ချီပြီး တပ်မတော်သားတွေ ကျဆုံးခဲ့တဲ့ အနေအထားရှိတယ်။ အဲဒီတိုက်ပွဲပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင်၊ အဲဒီစခန်းကုန်းကို သွားပြီး စစ်ဆေးရတဲ့ အနေ အထားရှိခဲ့ပါတယ်။ ကျနော် ကိုယ်တိုင် အဲဒီခရီးမှာ ပါသွားခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီနောက်ပိုင်း အစိုးရနဲ့ သူနဲ့ အဆင်မပြေဘူး ဖြစ်လာတဲ့အခါမှာ၊ သူ့ကို အမေရိကန်အစိုးရကလည်း ဆုငွေထုတ်ထားတဲ့ အခါကျတော့၊ ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေးဌာနက သူ့ကို လက်ရဖမ်းဆီးရေး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။ ဒါမှမဟုတ် မြန်မာ့တပ်မတော် တခုလုံးအနေနဲ့ သူ့ ကို လက်ရဖမ်းဆီးဖို့၊ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ခွန်ဆာကို အဲဒီအချိန်က လက်ရဖမ်းဖို့ မလွယ်ပါဘူး ခင်ဗျ။ ခွန်ဆာရဲ့တပ်တွေက အင်အားကောင်းတယ်။ ကျနော်တို့ မြန်မာ့တပ်မတော်က အဲဒီအချိန်က ခုလောက် အင်အားမတောင့်သေးပါ ဘူး ခင်ဗျ။ အဲဒီအခါမှာ မြန်မာ့တပ်မတော်က ခွန်ဆာကို နိုင်အောင် မတိုက်နိုင်တဲ့အခါမှာ၊ တဘက်လှည့်နဲ့ UWSA (United State Wa Army) ‘၀’ တပ်တွေကို အကူအညီတောင်းခဲ့ရတဲ့ အနေအထားရှိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ‘၀’ တပ်တွေ၊ကို၊ မြန်မာ့တပ်မတော်က လက်နက်ကြီးကျည်တွေ အပါအ၀င် လက်နက်ခဲယမ်းတွေ ထုတ်ပေးပြီးတော့မှ၊ ရှမ်းပြည်တောင်ပိုင်းက ခွန်ဆာရဲ့တပ်တွေကို တိုက်ခိုင်းခဲ့ရပါ တယ်။ ဒီလုပ်ငန်းစဉ်ကို အဲဒီတုန်းက စစ်ဦးစီးအရာရှိချုပ် (ယခု တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ရာထူး - Joint Chief of Staff Army-Navy-Air) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင်၊ ကွပ်ကဲခဲ့ပါ တယ်။
ဦးရော်နီညိမ်း ။ ။ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ န၀တ နအဖ အတွင်းရေးမှူး(၂) ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့ အဲဒီက စပြီး၊ ‘၀’ တပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်းကနေ တောင်ပိုင်းကို ရွှေ့ ပြီး ရောက်ရှိသွားတဲ့ အဓိကအကြောင်းရင်းက၊ ဦးခွန်ဆာရဲ့ တပ်တွေကို တိုက်ဖို့လား (သို့မဟုတ်) ကရင် အမျိုးသားအစည်းအရုံး (Karen National U)nion - KNU) ကို၊ ထိုင်းနိုင်ငံက သူတို့နဲ့ မြန်မာနိုင်ငံကြားမှာ ကြားခံ(buffer)အဖြစ် သဘောထားသလို၊ မြန်မာအစိုးရကလည်း ဒါကို လက်တုန့်ပြန်ဖို့တဲ့အနေနဲ့၊ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံကြားမှာ buffer ထားဖို့အတွက်၊ ရှမ်းပြည်တောင်ပိုင်းကို ‘၀’ တပ်ဖွဲ့တွေကို၊ ရောက်အောင် စေ လွှတ်ပို့ပေးလိုက်တဲ့ သဘောပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အချက်နှစ်ချက်ပေါ့။ bufferထားတဲ့ theoryလည်း မှန်ပါတယ်။ ယိုးဒယားနဲ့ ကျနော်တို့နိုင်ငံကြားမှာ၊ (UWSA)‘၀’ တပ်တွေကို ကြားခံပေးထားလိုက်တဲ့ အနေအထားလည်း ပါပါတယ်။ တဘက်ကလည်း (UWSA) ‘၀’ တပ်တွေရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းပေါ့လေ၊ ခုထိ အဲဒီနေရာဒေ သမှာရှိတဲ့ ‘၀’ခေါင်းဆောင် (ဘိန်းဘုရင်)ဝေရှောက်ခန် ဆိုရင်၊ သူ့ရဲ့လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ ဘိန်း တွေကို၊ မြန်မာနိုင်ငံဘက်ကို ပို့နေတာမဟုတ်ပဲ၊ ရာဘလို့ ခေါ်တဲ့ မြင်းဆေး (methamphetamine) တွေက အစ၊ ယိုးဒယားဘက်ကိုပဲ သွားတဲ့အနေအထား ရှိပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို၊ ခွန်ဆာတပ် တွေကို (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ခိုင်းပြီး၊ ယိုးဒယားနိုင်ငံက ကျနော်တို့ နိုင်ငံအပေါ်မှာ ကျင့်သုံးနေတဲ့ buffer theory ကို၊ မြန်မာစစ်အစိုးရက ပြန်ကျင့်သုံးပြီး (UWSA)‘၀’တပ်တွေနဲ့၊ ကြားခံထားတာကို ယိုးဒယား ကို ပြန်ပြီးလုပ်ခဲ့တာလို့ ပြောရမှာပါ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီအခြေအနေကို ရောက်သွားတဲ့အချိန်မှာ၊ နောက်ပိုင်း ဦးခွန်ဆာလက်နက် ချတဲ့ အခြေအနေကို၊ ဘ်ာလိုရောက်ရှိလာပါသလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီမှာ ခွန်ဆာတပ်တွေနဲ့ (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ကြတဲ့အခါ၊ နှစ်ဘက် စလုံး အကျအဆုံးတွေ တော်တော်များကြပါတယ် ခင်ဗျ။ ‘၀’ တပ်တွေဘက်က နှစ်ထောင်နီးပါးလောက် သေ ဆုံးကြသလို၊ ခွန်ဆာတပ်တွေဘက်ကလည်း နှစ်ထောင်နီးပါးလောက် သေကုန်ကြပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါတွေဟာ ၂၀၀၀ ခုနှစ် မတိုင်ခင်မှာ ဖြစ်နေတာတွေပေါ့။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၉၃-၉၄ နှစ်တွေမှာ ဖြစ်ခဲ့တာပါ ခင်ဗျ။ ၁၉၉၆ မှာ၊ ခွန်ဆာက လက်နက်ချခဲ့ တာကိုး။
ဦးရော်နီညိမ်း ။ ။ သူ့ကို အမေရိကန်က ဖမ်းမိတော့မယ် ဆိုတဲ့ အနေအထား၊ ရောက်သွားလို့ ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ၁၉၉၃-၉၄ နှစ်တွေမှာ (UWSA) ‘၀’ တပ်တွေနဲ့ တိုက် ရင်းနဲ့၊ ခွန်ဆာတပ်တွေ အားပျော့လာခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ၊ SSNA (Shan State National Army) လို့ခေါ်တဲ့ ကမ်းရွက်တို့ စိုင်းမိန်းတို့ အဖွဲ့က၊ အင်အား (၄၀၀၀)လောက်က၊ ခွန်ဆာကို အာခံပြီး၊ ကျနော်တို့ မြန်မာ့တပ်မတော်နဲ့ လာပြီးပေါင်းပါတယ်။ SSNA က၊ အစိုးရနဲ့ ‘၀’ တွေ ကိုးကန့်တွေနဲ့ ငြိမ်းချမ်းရေးယူကြ သလို၊ သူတို့လည်း၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူချင်ပါတယ်လို့၊ ကမ်းလှမ်းလာခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က န၀တခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကမ်းရွက်တို့ကိုတော့ ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ လက်ခံလို့ မရဘူး၊ သူတို့ကို အသာလေးပဲ ဒို့ကိုင် ထားလိုက်မယ်ဆိုတဲ့၊ လမ်းညွှန်ချက်နဲ့ ကမ်းရွက်တို့ကို လက်ခံလိုက်ပါ တယ်။ ကမ်းရွက်တို့အဖွဲ့ဟာ ငြိမ်းချမ်းရေးအဖွဲ့လည်း မဟုတ်ဘူး။ ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်းမဟုတ် တဲ့ အနေအထားမျိုးနဲ့ handle လုပ်ဖို့ဆိုပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကျနော်တို့ ကကလှမ်း (တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး)ကို၊ တာဝန် ပေးခဲ့ပါတယ်။ ကကလှမ်းရယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရယ်၊ သုံးဖွဲ့ ညှိနှိုင်းပြီး၊ ကမ်းရွက်တို့အဖွဲ့ကို ထိန်းခဲ့ရပါ တယ်။ ကမ်းရွက်တို့ အဲဒီလို အစိုးရဘက်ကို ၀င်သွားတာနဲ့ပတ်သက်ပြီး၊ နောက်ပိုင်း ခွန်ဆာကို ကျနော်ကိုယ် တိုင် interrogate (စစ်ဆေးမေးမြန်း) လုပ်တဲ့အခါမှာ၊ သူ့ပါးစပ်က ကိုယ်တိုင်ပြောတာ ရှိပါတယ်။ သူဟာ သူ့ တပ်ကြီးကို ကြီးထွားအောင်လုပ်ခဲ့တာနေရာမှာ၊ ရှမ်းလူမျိုးတွေကို အခြေခံပြီး လုပ်ခဲ့တာဖြစ်ပေမယ့်၊ ရှမ်းတွေ က သူ့အပေါ်မှာ သစ္စာမရှိဘူး၊ ဒီလောက်သူတို့အတွက် သူ့အနေနဲ့ အနစ်နာခံပြီးလုပ်ကိုင်ခဲ့ပေမယ့်၊ ကမ်းရွက် တို့က ဒီလိုလုပ်ရပါ့မလားဆိုပြီး၊ သူ့မှာ အဲဒီ စိတ်ခံစားမှုတွေ ပေါ်လာခဲ့ရတယ်လို့၊ ခွန်ဆာက ပြောပါတယ်။ မင်းတို့ ဒီလိုလုပ်ရင်၊ ငါလည်း လုပ်လို့ရတာပဲဆိုတဲ့ အတွေးအခေါ် သူ့မှာ ၀င်လာပါတယ်။ ဒါကြောင့် သူကိုယ် တိုင်ပဲ၊ အဲဒီတုန်းက တာချီလိတ်က ထောက်လှမ်းရေး (၂၄) တပ်ရဲ့ တပ်မှူးကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့ အနေနဲ့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့၊ ခွန်ဆာက ပြောလာတာကို၊ ထောက်လှမ်းရေး (၂၄) တပ်က၊ အဆင့်ဆင့်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို သတင်းပို့ ခဲ့ရပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါပေမဲ့ အရင်တခေါက် အခုလိုပဲ ဦးခွန်ဆာ ကမ်းလှမ်းခဲ့တုန်းက၊ အစိုးရဘက်က လက် မခံခဲ့ဘူး။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ဗိုလ်ချုပ်ကြီးခင်ညွန့်က တဆင့်၊ ထောက်လှမ်းရေး (၂၄) တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးသိန်းဟန်ကို၊ ပြန်ပြောခိုင်းပါတယ်။ ခွန်ဆာအဖွဲ့ကိုတော့ ငြိမ်း ချမ်းရေးအဖွဲ့အနေနဲ့ လက်မခံနိုင်ဘူး၊ လက်နက်ချမယ်ဆိုရင်တော့၊ လက်ခံမယ်လို့၊ အကြောင်းပြန်ခိုင်းလိုက် ပါတယ်။ ပထမတော့၊ ခွန်ဆာဟာ လွယ်လွယ်နဲ့တော့ လက်နက်ချမှာ မဟုတ်ဘူးလို့၊ လူကြီးပိုင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့က၊ တွက်ခဲ့ကြ ပါတယ်။ ဒါပေမယ့် မထင်မှတ်တာက ဖြစ်လာခဲ့ပါတယ်။ ခွန်ဆာက ထောက်လှမ်းရေး(၂၄) တပ်မှူးက တဆင့်၊ ပြန်ပြီးပြောလာတာက၊ သူနဲ့ သူ့အဖွဲ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးကို အာမခံချက်ပေးမယ် ဆို ရင်တော့၊ အစိုးရပြောသလို၊ သူတို့ လက်နက်ချမယ်လို့၊ အကြောင်းပြန်ခဲ့ပါတယ်။ ခွန်ဆာက ဒီလို အကြောင်း ပြန်လာတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တော်တော်လေး ဦးနှောက်ခြောက် သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မ (၈၈) တပ်မမှူး ဖြစ်စဉ်) ကျိုင်းတုံမှာ နေတုန်းက၊ အခုလိုပဲ ခွန်ဆာက လက်နက်ချမယ်၊ လက်နက်ချမယ်၊ ဆို ပြီး မကြာမကြာပြောခဲ့ဖူးတော့၊ အခုလည်း ခွန်ဆာ လိမ်တာပဲလို့၊ လူကြီးတွေက တွက်ကြပါတယ်။ တဘက် ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကကလှမ်းကို၊ ခွန်ဆာ လက်နက်ချမှာ တကယ်ဟုတ်မဟုတ်၊ တရားဝင် မဟုတ်ပေမဲ့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီး လေ့လာခိုင်းပါတယ်။ အဲဒီအဖွဲ့ကို ကကလှမ်း ဒုညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်း က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့လေးမှာ ဗိုလ်မှူးချုပ်ကျော်သိမ်း၊ ဗိုလ်မှူးကြီးသန်းအေး၊ ဗိုလ်မှူးကြီးစန်းပွင့်နဲ့ ကျနော်တို့ ပါဝင်ခဲ့ပါတယ်။ ကျနော်ကတော့ မှတ်တမ်းရေးရတဲ့သူပါ။ ဒီအဖွဲ့လေးက၊ ခွန်ဆာ တကယ်လက် နက် ချမချ ဆိုတာကို၊ အသေးစိပ် လေ့လာရပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)“ ကို၊ ဆက်ပြီး ထုတ်လွှင့်သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)
By ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၈၃)
ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံအာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာလဆန်းမှာ ထွက် ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း၊ ဌာနေပြည်သူ့ စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်းလာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့်ရှိသူက၊ ပြည်ပကမြန်မာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက်လိုက်ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး၊ ခွန်ဆာကြီးကိုယ်တိုင်၊ သူ တကယ် လက်နက်ချပါမယ်လို့ ပြောဆို တာကို၊ ဗီဒီယိုရိုက်ခိုင်းပြီးတော့မှ၊ ထောက်လှမ်းရေး(၂၄) တပ်မှူးဆီကို ပို့ခိုင်းလိုက်ပါတယ်။ စကားနဲ့ပြောရုံနဲ့ မယုံဘူးပေါ့ ဗျာ၊ ဗီဒီယိုရိုက်ပြီးတော့မှ ပြောပါဆိုပြီးတော့၊ ခွန်ဆာရယ် သူ့ရဲ့လက်ထောက် စစ်ဦးစီးချုပ်လုပ် တဲ့ ကျန်စုရှင် ရယ်၊ ကျန်စုရှင် ကတော့ တရုတ်ပါ၊ သူတို့နှစ်ယောက်ကို ဗီဒီယိုရိုက်ပြီးတော့မှ၊ ဗီဒီယိုအခွေနဲ့ ဒီဘက်က လူကြီးတွေကို တင်ပြခိုင်းတဲ့ အနေအထားရှိခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်တာက၊ တကယ်ပဲ သူ့တပည့် ကမ်းရွက်တို့လိုလူတွေက သူ့ကို သစ္စာဖေါက်သွားလို့၊ သူက စိတ်နာနာနဲ့ ဒီလို လုပ်တာလား၊ သို့မဟုတ် အမေရိကန်ထောက်လှမ်းရေး က သူ့ကို ဖမ်းမိဖို့ သိပ်ကို နီးစပ်နေပြီ၊ နီးကပ်နေပြီ ဆိုတဲ့ အနေအထားမှာ၊ သူဟာ ပြေးမယ်ဆိုရင် တရုတ် ပြည်ကိုပဲ ပြေးရတော့မယ့် အနေအထား ဖြစ်နေတယ်၊ ဒါပေမယ့် တရုတ်ကလည်း မင်းကိုတော့ ငါတို့ လက်ခံ လို့ မဖြစ်ဘူး၊ မြန်မာအစိုးရဆီမှာပဲ လက်နက်ချလိုက်လို့၊ နည်းလမ်းပေးတယ်လို့၊ အဲဒီအချိန်က သတင်းတွေ လည်း ထွက်ပေါ်ခဲ့ဖူးပါ တယ်။ ဘယ်လောက်မှန်တယ်ဆိုတာတော့၊ မသိဘူးပေါ့။ ဒါကြောင့် နောက်ဆုံးမှာ သူ ဟာ ရွေးစရာမရှိတဲ့အတွက်၊ တကယ်ပဲ လက်နက်ချသွားတယ်လို့၊ အဲဒီလို ပြောဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါ တွေနဲ့ အခုဗိုလ်မှူးပြောတာနဲ့ ချိန်ထိုးပြီးတော့၊ အဲဒီလို ပြောဆိုမှုတွေ ဘယ်လောက်မှန်တယ် မမှန်ဘူးဆိုတာ၊ ဗိုလ်မှူးအနေနဲ့ သုံးသပ်ပေးပါ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင်ကို ပြောရရင်၊ အမေရိကန်အနေနဲ့ အခု ဘင်လာဒင်ကို ပါကစ္စတန် မှာ သွားပြီး ဖမ်းဖို့လုပ်ခဲ့သလို၊ ခွန်ဆာကို ဟိုမိန်းအထိ သွားပြီး၊ ဖမ်းဖို့ဆီးဖို့ အာသီသ မရှိခဲ့ပါဘူး။ ခွန်ဆာက လည်း သူ့အတွက် လွတ်မြောက်နယ်မြေ ဟိုမိန်းမှာ၊ တကယ့်ကို ခမ်းခမ်းနားနားနေခဲ့တဲ့ အနေအထား ရှိပါ တယ်။ သူဟာ လိုချင်တာ အကုန်ရ၊ သုံးချင်တာ အကုန်သုံးနေနိုင်တဲ့သူ ဖြစ်ပါတယ်။ ဟိုမိန်းကိုလည်း နိုင်ငံ ခြားသားတွေ ၀င်ထွက်လည်ပတ်လို့ ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ခွန်ဆာဟာ အမေရိကန် ဖမ်းမှာဆီးမှာ ကြောက်ပြီး၊ ကျနော်တို့ဆီ လာပြီး လက်နက်ချတဲ့ အနေအထားလို့၊ ကျနော် မမြင်ဘူး။ တခု ရှိတာက၊ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာတယ်၊ ပိုင်ဆိုင်မှုတွေ အများကြီးရှိလာတယ်၊ အသက်အရွယ် ထောက်လာတာလည်း ပါတယ်ပေါ့ ဗျာ။ သူဟာ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို အဆုံးသတ်သွားချင်တယ်လို့၊ ကျနော့်ကို သူပြောခဲ့ပါတယ်။ ဒါကြောင့်လည်း သူလက်နက်ချတာက မလိမ့်တပတ်နဲ့ လက်နက်ချတာပါ။ သူ ကိုယ်တိုင်က လက်နက်ချချင်ခဲ့ပေမယ့်၊ သူ့ လက်အောက်က ရှမ်းတပ်တွေအားလုံးက၊ သူဒီလိုမျိုး လက်နက် ချသွားတာကို၊ ခုချိန်ထိ လုံးဝ မကြိုက်ကြပါဘူး။ နောက်တခုက အဲဒီအချိန်အဲဒီအခါမှာ၊ စစ်တပ်နဲ့စစ်တပ်ချင်း ဆိုတော့၊ စစ်သား စစ်သားချင်းဆိုပြီးတော့ ကျနော်တို့အပေါ် ယုံကြည်မှုလည်း မူတည်ပါလိမ့်မယ်။ သူ့ကို အမေရိကန်ကို လွှဲပြောင်းမပေးပါဘူးဆိုတာကို၊ မြန်မာ့တပ်မတော်က အာမခံချက်ပေးရတဲ့ အနေအထား တော့၊ ရှိခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒါဆိုရင်၊ အခုတော့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် (Lt. General Yawd Serk) ပေါ့၊ အခုတော့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA – South ပေါ့။ သူက SURA ဆိုတဲ့ တပ်ကို ပြောင်းပြီး ဖွဲ့ခဲ့တုန်းက၊ ဗိုလ်မှူးကြီးရွက်ဆစ်ဆိုပြီး၊ သူ ဦးဆောင်ခဲ့တယ်။။ ဦးရွက်ဆစ် ဆိုကြပါစို့။ ဒီဦးရွက်ဆစ်နဲ့ SURA က တဆင့်၊ အခု SSA – South ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို၊ နည်းနည်းရှင်းပြပေးပါ ခင်ဗျ။ ဦးခွန် ဆာရဲ့ မောင်ထိုင်းတပ်မတော် (MTA – Muang Tai Army) ကနေ၊ ကမ်းရွက်တို့ ခွဲထွက်ပြီး အစိုးရဆီ လက် နက်ချသွားလို့၊ ဦးခွန်ဆာ စိတ် ဓါတ်ကျနေတဲ့အချိန်၊ ဦးခွန်ဆာကိုယ်တိုင် စစ်အစိုးရဆီ လက်နက်ချသွားတဲ့ အချိန်က စပြီး၊ ဆက်ပြောပြပေးပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ခွန်ဆာကြီး လက်နက်ချသွားတဲ့အခါကျတော့၊ အခု ဒုတိယဗိုလ် ချုပ်ကြီး ရွက်ဆစ်က၊ အဲဒီအချိန်က ခွန်ဆာတပ်မှာ၊ တပ်မှူးအဆင့်လောက် ရှိပါလိမ့်မယ်။ ရွက်ဆစ်တို့ အဖွဲ့ တွေလည်း၊ လက်နက်ချတဲ့အထဲမှာ ပါခဲ့ပါတယ်။ အဲဒီတုန်းက လက်နက်ချတဲ့ ဦးရွက်ဆစ်နဲ့ ထောက်လှမ်းရေး (၂၄)တပ်မှူး ဗိုလ်မှူးသိန်းဟန်နဲ့၊ တဲတစ်တဲထဲ အတူတူအိပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့၊ ခွန်ဆာ ကြီး လက်နက်ချနေတဲ့ အချိန်မှာ၊ ခွန်ဆာရဲ့ တပ်မဟာ (၈)က၊ လက်နက်ချဖို့ စီစဉ်နေတုန်းမှာ၊ မြန်မာ့တပ်မ တော်ဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ကြူးရဲ့ တပ်က၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရွာတွေကို မီးသွား ရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီးခင်ကြူးက နောက်ပိုင်းမှာ ကရင်ပြည်နယ်မှာ ဗျူဟာမှူးနဲ့ ကရင်ပြည် နယ်ရဲ့ ပ၀တ (ပြည်နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ) ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးခင်ကြူးက၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံတပ်ရင်းတစ်ရင်းရဲ့ တပ်ရင်းမှူးပါ။ ခွန်ဆာတပ်တွေ လက်နက်ချနေဆဲအချိန်မှာ၊ ဗိုလ်မှူးကြီးခင်ကြူးရဲ့ တပ်က၊ ရှမ်းရွာတွေကို မီးသွားရှို့တဲ့အခါ ကျတော့၊ လက်နက်ဆက်ချမဲ့သူတွေက၊ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်မရှိတော့ပဲ၊ အားလုံး လက် နက် မချကြတော့ပါဘူး။ လက်နက်ချမဲ့ ရှမ်းတပ်ဖွဲ့ဝင် (၈၀၀)လောက်က၊ လက်နက်မချတော့ပဲနဲ့၊ လက်နက်ချ ပြီးသား ရွက်ဆစ်လည်း သူ့ရဲ့အပေါင်းအပါတစုနဲ့ ပြန်ထွက်သွားပြီး၊ အဲဒီလူ(၈၀၀)အဖွဲ့နဲ့ သွားပေါင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းအင်အားကောင်းလာပြီး၊ အခုလက်ရှိမှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို သူယူပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစချင်း သူ့မှာ အင်အား (၈၀၀)လောက်ပဲ ရှိ ခဲ့ရာက၊ နောက်ပိုင်းမှာ ထောင်နဲ့ချီပြီး ရှိလာခဲ့တယ်လို့၊ သိရပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီအဖွဲ့တွေအားလုံးဟာ အရင်က ဦးခွန်ဆာရဲ့ မောင်ထိုင်းတပ်မတော်(MTA) က၊ အဖွဲ့တွေချည့်ပဲပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ မောင်ထိုင်းတပ်မတော် (MTA) ဆိုတာကလည်း၊ ခွန်ဆာရဲ့ SURA (Shan United Revolutionary Army) တပ်နဲ့ မိုးဟိန်းရဲ့ SUA (Shan United Army)တပ်တွေ ပေါင်းထား ပြီး၊ မောင်ထိုင်းတပ်မတော် (MTA) လို့၊ ခေါ်တာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီကနေပြီးတော့မှ၊ ဦးရွက်ဆစ်က SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) လို့၊ ခံယူခဲ့တာလဲ ခင်ဗျ။ SSA ဆိုတာ၊ အစဉ်အလာ အင်မတန်ကြီးမားပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပထမဆုံးသော (ကွယ်လွန်သူ) သမ္မတကြီး စ၀်ရွှေသိုက်ရဲ့ ဇနီး၊ (ကွယ်လွန်သူ) မဟာဒေ၀ီ စတင်တည်ထောင် ခဲ့တဲ့ တပ်ပဲ။ ဒီ SSA နဲ့ ဗိုလ်မှူး ကြီးရွက်ဆစ်နဲ့ ဘယ်လိုသွားပြီး ပတ်သက်တာပါလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ လက်နက်ချထဲ့တဲ့ ရွက်ဆစ်က၊ လက်နက်ပြန်ကိုင်သွားပြီးတဲ့ နောက်ပိုင်း၊ ရှမ်း တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)လို့၊ သူရပ်တည်နေတယ် ဆိုတာပဲ၊ ကျနော်တို့ သိရပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဦးရွက်ဆစ်က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)လို့၊ အမည်ခံယူသွားတော့၊ မူလ SSA က ဘယ်လိုအနေအထား ရှိပါသလဲ။ ဦးရွက်ဆစ်က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဆိုပြီး လုပ်လိုက် လို့၊ မူလ SSA က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဆိုပြီး ဖြစ်သွားတာလား။
ဦးအောင်လင်းထွဋ် ။ ။ မူလ SSA က၊ သူတို့ကိုယ်သူတို့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) လို့၊ မသတ် မှတ်ပါဘူး။ အဲဒီအချိန်တုန်းက စစ်အစိုးရကလည်း၊ သူတို့ကို SSA (ရှမ်းပြည်တပ်မတော်)လို့ပဲ၊ သတ်မှတ်ပါ တယ်။ မြောက်ပိုင်းတို့ တောင်ပိုင်းတို့ ဖြစ်နေတာက၊ သူတို့ ရှမ်းလက်နက်ကိုင်တပ်တွေထဲမှာပဲ၊ သတ်သတ် မှတ်မှတ်နဲ့ သူတို့ဟာသူတို့ ခွဲထားတဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းကတော့၊ စစ်အစိုးရအနေနဲ့က ဗိုလ် ချုပ်ဆေးထင် ဦးဆောင်တဲ့ တပ်ကိုပဲ၊ SSA (ရှမ်းပြည်တပ်မတော်)လို့၊ အသိအမှတ်ပြုထားတာပါ။ ရွက်ဆစ် တို့ အဖွဲ့ကိုတော့၊ ခွန်ဆာကြီးအောက်က ခွဲထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အဖွဲ့အဖြစ်၊ ခွဲခြား ပြီး ဆက်ဆံခဲ့ပါတယ်။ ‘၀’ဆို့၊ ကိုးကန့်တို့၊ ဗိုလ်ချုပ်ဆေးထင်ရဲ့ SSA(ရှမ်းပြည်တပ်မတော်)တို့လို၊ သူတို့ကို လည်း ငြိမ်းချမ်းရေးအဖွဲ့အဖြစ် လက်ခံဖို့၊ ရွက်ဆစ်တို့က အကြိမ်ကြိမ် တောင်းခံခဲ့ပေမဲ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူအရ၊ လမ်းစဉ်အရ၊ ရွက်ဆစ်တို့အဖွဲ့နဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူး ဆိုတဲ့၊ မှတ်ချက်နဲ့၊ မြန်မာ့တပ်မတော်က မဆွေးနွေးပဲ နေခဲ့တာပါ။
ဦးရော်နီညိမ်း ။ ။ နောက်ပိုင်းမှာ (ယခု ပြန်လည်လွတ်မြောက်လာသည့်) ဗိုလ်ချုပ်ဆေးထင်ကို ထောင် ဒဏ် (၁၀၆)နှစ် ချမှတ်ထားလို့၊ ထောင်ကျနေတဲ့အချိန်မှာ၊ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း) ကို၊ ဗိုလ်ချုပ်ပန်ဖတို့ ဦးဆောင်နေတဲ့အချိန်မှာ၊ ဦးရွက်ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နဲ့ ပေါင်းမယ်၊ SSA တခုတည်း ဖြစ်အောင်လုပ်ကြမယ် ဆိုတဲ့၊ အသံလည်း ထွက်လာပါတယ်။ အဲဒါကကော၊ တကယ်ပဲ ပေါင်းဖြစ်သွားပါပြီလား။ ပထ၀ီအနေအထားရဲ့ ပေါင်းနိုင်ကြပါ့မလား၊ နောက်တခုက ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ခံယူချက်မူ ၀ါဒတွေကလည်း၊ မတူဘူးလို့၊ ကျနော်တို့က တွေ့ထားပါတယ်။ ဗိုလ်ချုပ်ပန်ဖတို့ SSA North(ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း)က၊ လက်ဝဲသဘောတရားအပေါ်မှာ အခြေစိုက်တယ်၊ ဦးရွက် ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကတော့၊ ကုန်ကူးတာသက်သက်နဲ့ ရပ် တည်နေတဲ့ အဖွဲ့။ အဲဒီလိုဆိုတော့၊ ဒီနှစ်ဖွဲ့ ပေါင်းလို့ ရပါ့မလား၊ ပေါင်းဖို့ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလား။ နောက်တခါ အခုကော၊ တကယ်ပေါင်း ဖြစ်နေကြသလား၊ ဗိုလ်မှူး ဘယ်လိုယူဆပါသလဲ။
ဦးအောင်လင်းထွဋ် ။ ။ ဒီနှစ်ဖွဲ့ ပေါင်းပြီးနေကြတယ်ဆိုတဲ့ အယူအဆကို၊ ကျနော် သဘောမတူပါဘူး။ ဟိုတုန်းထဲက၊ ဗိုလ်ချုပ်ဆေးထင်တို့အဖွဲ့၊ သေသွားပြီဖြစ်တဲ့ ကမ်းရွက်တို့အဖွဲ့၊ ရွက်ဆစ်တို့ အဖွဲ့တွေ၊ ရှိနေကြ တယ်။ တစ်ခုရှိတာက၊ ရှမ်းတိုင်းရင်းသား အချင်းချင်းတွေမို့၊ ဘာသာစကား ယဉ်ကျေးမှုလည်းတူ၊ တော်လှန် ရေး လုပ်ကြတာချင်းလည်း အတူတူမို့၊ သူတို့ချင်း အဆက်အဆံတွေ ရှိကြပါတယ်။ ဒါပေမဲ့ တဖွဲ့ရဲ့ကွပ်ကဲမှု အောက်ကို၊ နောက်တဖွဲ့က ၀င်ဖို့ဆိုတာကို၊ သူတို့ချင်း အင်မတန်မှစဉ်းစားကြပါတယ်။ ဒါကြောင့်မို့၊ ကမ်းရွက် တို့ ဗိုလ်ချုပ်ဆေးထင်တို့ ရွက်ဆစ်တို့ အဖွဲ့တွေ၊ သပ်သပ်စီ နေကြပါတယ်။ ခွန်ဆာလက်နက်မချခင်က၊ ကမ်း ရွက်တို့ရဲ့ SSNA ကို၊ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဗိုလ်ချုပ်ဆေးထင်တို့ SSAအောက်မှာ ၀င် ပေါင်းလိုက်ပါလို့၊ မြန်မာ့တပ်မတော်က တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါကို ကမ်းရွက်တို့က လက်မခံခဲ့ပါဘူး။ သူတို့ ဟာသူတို့ပဲ၊ သီးခြားနေပါရစေလို့၊ ပြောခဲ့ပါတယ်။ အခုအခါမှာလည်း ဗိုလ်ချုပ်ပန်ဖတို့ SSA North(ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း)က၊ ရွက်ဆစ်တို့နဲ့ ပေါင်းပြီး၊ ကွပ်ကဲမှုတခုတည်းအောက်မှာ ရပ်တည်နေကြတာမျိုး မရှိပေမဲ့၊ နှစ်ဖွဲ့ညှိနှိုင်းပြီး လုပ်ကိုင်နေကြတာတော့ ရှိကောင်းရှိနိုင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဒီနှစ်ဖွဲ့၊ လက်တွေ့မှာ တကယ်ပေါင်းသလားဆိုတာကို၊ တိုက်ပွဲတွေနဲ့ ကြည့်တဲ့အခါမှာ၊ မကြာသေးခင်က ဗိုလ်ချုပ်ပန်ဖတို့ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း)တို့ရဲ့၊ တပ်မဟာ(၁) ဌာန ချုပ်ကို၊ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ - ကစထ (၂) ကနေ၊ အကြီးအ ကျယ် ထိုးစစ်ဆင်ခဲ့တယ်။ နှစ်ဖွဲ့ပေါင်းထားတယ်ဆိုတဲ့၊ ဦးရွက်ဆစ်တို့ရဲ့ SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က၊ ဘာမှ သွားပြီးကူတာကို မတွေ့ရဘူး။ ပထ၀ီအနေအထားအရ၊ ကူလို့လည်း မလွယ်ဘူး။ အဲဒါတွေအပြင် ဘာထပ်ပြီးပေါ်လာသလဲဆိုတော့၊ ဦးသိန်းစိန်အစိုးရက မကြာသေးခင်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းလိုက်ပြီး၊ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ကိစ္စမှာ၊ အခုပေါ်ထွက်လာတဲ့ သတင်းတွေ အရ၊ ဦးရွက်ဆစ်တို့ရဲ့ SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကိုလည်း၊ ထိုင်းအစိုးရက တဆင့်၊ ချဉ်းကပ်တယ်ဆိုတဲ့ သတင်းရှိသလို၊ ဌာနေရှမ်းပြည်သူ့စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်းချမ်းရေးဆွေး နွေးကြရအောင်ဆိုပြီး ကမ်းလှမ်းတယ်ဆိုတဲ့ အသံတွေလည်း၊ ကြားရပါတယ်။ အဲဒီအနေအထားတွေကို၊ ဗိုလ် မှူးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ဦးသိန်းစိန်အစိုးရပိုင်း အနေနဲ့ သုံးသပ်ကြည့်ရင်တော့၊ အရင် ဗိုလ်ချုပ်ခင်ညွန့် ရှိစဉ်က၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ခဲ့သမျှ လုပ်ငန်းစဉ်တွေမှာ၊ ဦးသိန်းစိန်ဟာ၊ နီးနီးကပ်ကပ် နဲ့ အတွင်းကျကျပါဝင်ခဲ့ပြီးတော့၊ အကုန်လုံးကို နားလည်သဘောပေါက်တဲ့သူပါ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၃)“ ကို၊ ဆက်ပြီး ထုတ်လွှင့်သွား ပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၃)
By ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၈၄)
မကြာခင်မှာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါ် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်လို့၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ က၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေကို ပြောနေကြပါတယ်။ “ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့၊ မွန်ပြည်သစ်ပါတီ (NMSP – New Mon State Party) နဲ့ မွန်ပြည်နယ်အစိုးရတို့လည်း၊ မကြာ သေးခင်က ရေးမြို့မှာ၊ ပဏာမတွေ့ဆုံဆွေးနွေးမှုတွေ၊ ပြုလုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရ တို့ရဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှုအလားအလာတွေကို၊ အရင်စစ်အစိုးရအချိန်အခါက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖူးသူ၊ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက၊ ဆက်သွယ် ဆွေးနွေး ပြီး၊ ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ စီစဉ်တင် ဆက်ထားပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ခင်ညွန့်လုပ်ခဲ့တာတွေကြောင့်၊ ဘာပဲဖြစ်ဖြစ် လက်နက်တွေကိုင်ထားပြီး တော့မှ မတိုက်ပဲမခိုက်ပဲ နေလာခဲ့ကြတာ၊ နှစ်(၂၀) လောက် ရှိလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မူပြောင်းပြီး နယ်ခြားစောင့်တပ် လုပ်တဲ့အခါကျမှ၊ အခုလို ကချင်တို့၊ ရှမ်းတို့၊ DKBA တို့ အပါအ ၀င် တိုင်းရင်းသားတပ်တွေက၊ မြန်မာ့တပ်မတော်နဲ့ ပြန်ပြီး တိုက်ကြခိုက်ကြတဲ့ အနေအထားတွေ ဖြစ်လာခဲ့ တာပါ။ ဒီအခြေအနေမျိုး ကို၊ ဦးသိန်းစိန်က မဖြစ်လိုပါဘူး။ ဒါကြောင့်၊ သူ တရားဝင်ကြေညာပြီး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို သူလိုက်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာပါ။ တချိန်က လုံးဝအဆက်အဆံ မလုပ်ရဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ထုတ်ပြီး စွန့်ပယ်ထားခဲ့တဲ့ ရွက်ဆစ်တို့အဖွဲ့ကိုပါ၊ ဦးသိန်းစိန်က ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာ၊ သိပ်ကို ထူးထူးခြားခြားပါ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးယူတဲ့အလုပ်တွေ လုပ်နေစဉ်ကာလက၊ ဦးသိန်းစိန်ဟာ စစ်ရုံးမှာ၊ ဘာတာဝန် ထမ်းဆောင်နေပါ သလဲ။
ဦးအောင်လင်းထွဋ် ။ ။ သူဟာ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)တာဝန် တွေကို၊ ၁၉၉၆-၉၇၊ တိုင်းမှူးမဖြစ်ခင်အထိ ထမ်းဆောင်ခဲ့သူပါ။ မွန်ပြည်သစ်ပါတီ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ရစဉ်မှာရော၊ ခွန်ဆာ လက်နက်ချစဉ်အချိန်မှာရော၊ သူဟာ စစ်ရုံးမှာ ရှိပါတယ်။ အားလုံးကို အတွင်းကျကျသိထားတဲ့သူပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ် လို ဆွေးနွေးခဲ့တယ်၊ ဘာတွေ ကတိက၀တ်တွေ ရှိခဲ့တယ်၊ ဆိုတာတွေကို သူ အားလုံးနားလည်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါဆို အခု သမ္မတကြီးဦးသိန်းစိန်က ကကကြည်း (စစ်ဆင်ရေး)ကို ကိုင်ခဲ့တဲ့ သူပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ သုံးယောက်ရဲ့ ယုံကြည်မှုကို အရဆုံး၊ အားအကိုးရဆုံး စစ်ဦးစီးအရာရှိ ကောင်း တစ်ယောက် ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ကကကြည်း(စစ်ဆင်ရေး)ဌာနက၊ တပြည်လုံးမှာ အပ်ကျတာကအစ၊ သူတို့က အကုန် သိတယ်။ အကုန်လုံးကို စီမံခန့်ခွဲနေတဲ့ ဌာနလို့၊ ကျနော်တို့ သိထားခဲ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမျိုးက လာတဲ့၊ ဦးသိန်းစိန်က ဦးရွက်ဆစ်တို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ကို ငြိမ်းချမ်းရေးကမ်းလှမ်းတယ် ဆို တာ၊ အစိုးရဘက်က တရားဝင်မထွက်သေးပေမယ့်၊ အခု တခြားကထွက်နေတဲ့ သတင်းတွေအရ၊ ဒါဟာ မှန် ကန်နိုင်တယ်ပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ကန်နိုင်ပါတယ်။ ထူးလည်းထူးခြားပါတယ်။ ဦးသိန်းစိန်ဟာ၊ တကယ်ပဲ တတိုင်းပြည်လုံးကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ထူးခြားတဲ့ဟာကို၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA–South ဘက်က၊ ထပ်ပြီ; တွေ့ရပါသေးတယ်။ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ဒီ ရက်ပိုင်းမှာ ပြောနေတာကတော့၊ ကျန်တဲ့ KIOတို့၊ KNUတို့ ပြောနေကြတဲ့ စကားအတိုင်းပဲ၊ ဒီအတိုင်းတော့၊ အစိုးရနဲ့ သူတို့ တစ်ဖွဲ့ချင်း၊ ငြိမ်းချမ်းရေး မဆွေးနွေးလိုဘူး၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကို ကိုယ်စားပြု ပြီး၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်းပြောတာက၊ မကြာသေးခင် ဒီနှစ်ထဲမှာ ဖွဲ့ထားတဲ့ “ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့၊ တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးလိုတယ်လို့၊ ပြောပါတယ်။ UNFC မှာက KNU (Karen national Uinion)(ကရင်အမျိုးသားအစည်း အရုံး)၊ KNPP (Karenni National Progressive Party) (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KIO (Kachin Independence Organization) (ကချင်လွတ်လပ်ရေးအဖွဲ့)၊ NMSP (New Mon State Party) (မွန်ပြည်သစ်ပါတီ)၊ CNF (Chin National Front) (ချင်းအမျိုးသားတပ်ဦး)၊ SSPP/SSAN (Shan State Progressive Party /Shan State Army – North) ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ PNLO (PaO National Liberation Organization) (ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့)၊ တို့ပါကြတယ်။ UNFCထဲမှာ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA – South မပါဘူး။ ဒါပေမဲ့၊ ဗိုလ်မှူးစိုင်း လောင်ဆိုင်းကပါ၊ ဒီစကားပြောနေတော့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) နဲ့ (တောင်ပိုင်း) တို့၊ ပေါင်းထား ပြီးသားမို့လို့၊ ရှမ်းပြည်တပ်မတော် SSA ကို၊ ကိုယ်စားပြုပြီးတော့၊ သူကပါ UNFC တပ် ပေါင်းစုအနေနဲ့မှ၊ ငြိမ်းချမ်းရေးဆွေးနွေးမယ် သူတို့ တစ်ဖွဲ့ချင်းအနေနဲ့တော့ မဆွေးနွေးဘူးဆိုတဲ့ အသံမျိုး၊ ထွက်နေတာကို၊ ဗိုလ်မှူး ဘယ်လို ထင်မြင်ယူဆပါသလဲ။ အစိုးရကတော့ သူ့ရဲ့မဟာဗျူဟာအရ၊ ဘယ်တုန်းကမှ တပ်ပေါင်းစု တွေနဲ့ မဆွေးနွေးဘူး၊ တစ်ဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးတဲ့ အနေအထားရှိခဲ့တယ်။ ဗိုလ်မှူးစိုင်းလောင်ဆိုင်း ပြောနေ တာနဲ့၊ KNU ၊ KNPP ၊ KIO တို့ တောင်းဆိုနေတဲ့၊ အစိုးရအနေနဲ့ UNFC တပ်ပေါင်းစုနဲ့ ဆွေးနွေးရေးဆို တာ၊ ဖြစ်နိုင်ပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ UNFC နဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကို ပြောရရင်၊ ကျနော်တို့အတွေ့အကြုံအရ တိုင်းရင်းသားတပ်တွေ အားလုးစုပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးဖို့ဆိုတာ၊ နောက်ဆုံးအဆင့်မှာမှ၊ အားလုံးအ ဆင်ပြေပြီးတဲ့ အချိန်မျိုးမှာမှ ဖြစ်နိုင်ပါလိမ့်မယ်။ တချိန်တုန်းကလည်း DAB (Democratic Alliance of Burma) အနေနဲ့မှ ဆွေးနွေးမယ်ဆိုပြီး KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNPP (ကရင်နီအမျိုးသားတိုး တက်ရေးပါတီ)၊ KIO (ကချင်လွတ်လပ်ရေးအဖွဲ့)၊ NMSP (မွန်ပြည်သစ်ပါတီ)၊ အစရှိတဲ့ တိုင်းရင်းသားအဖွဲ့ ပေါင်းစုံက တင်းခံခဲ့ကြဖူးပါတယ်။ တကယ်တမ်း ပြန်ကြည့်တော့လည်း၊ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရဲ့ အနေအထားတွေ မတူ ကြတာ၊ သူတို့လည်း နားလည်ပြီးသားပါ။ အမြင်တွေ မတူတာ၊ အတွေးအ ခေါ် ကွာခြားတာတွေ၊ သူတို့တွေမှာ ရှိနေတာပါ။ UNFC ဆိုပြီး သူတို့ကိုင်စွဲထားတဲ့ သဘောထားကို၊ ကျနော် က သဘောမတူဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးတွေထဲမှာလည်း၊ ညီညီညွတ်ညွတ် နဲ့ အစိုးရနဲ့ဆွေးနွေးဖို့မူဝါဒတစ်ခုတော့၊ ကိုင်စွဲထားကြဖို့ လိုပါတယ်။ ဒီမူဝါဒကို ကိုင်စွဲထားပြီးတော့မှ၊ အစိုးရ နဲ့က တိုင်းရင်းသားတစ်ဖွဲ့ချင်းက၊ ဆွေ့ဆုံဆွေးနွေးရပါလိမ့်မယ်။ တိုင်းရင်းသားအဖွဲ့တွေ လူစုပြီးတော့မှ၊ အစိုး ရနဲ့ တွေ့ဖို့လုပ်ရင်၊ ဘယ်လိုမှ ပွဲက ဖြစ်မှာမဟုတ်ပါဘူး။ ပွဲပျက်မယ့် အနေအထားမျိုး ရှိပါတယ်။ UNFC က ချမှတ်ထားတဲ့ မူဝါဒတစ်ရပ်ကို၊ တိုင်းရင်းသား တစ်ဖွဲ့ချင်းက ကိုင်စွဲပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးကြ။ အစိုးရ နဲ့အားလုံးနဲ့ ငြိမ်းချမ်းရေး ရလာပြီ ဆိုတော့မှ၊ အစိုးရရယ် နိုင်ငံရေးပါတီတွေရယ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဆိုတာ၊ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကဏ္ဍကိုလည်း၊ ထည့်တွက်ကြရပါမယ်။ အရင်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ကို ဖျောက်ပြီးတော့မှ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေး နွေးမှုတွေလုပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှိပ်ကွပ်ခဲ့တာကိုး။ အခုက တော့၊ ဦးသိန်းစိန်သွားနေတဲ့ လမ်းကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကိုပါ၊ တွဲခေါ်သွားတယ်။ ဆွဲခေါ်သွား တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့မှ၊ ငြိမ်းချမ်းရေးလည်း ရအောင်လုပ်မယ်၊ နိုင်ငံတကာနဲ့လည်း သင့်တင့်အောင် ဆက်ဆံမယ်ဆိုတဲ့ လမ်းကြောင်းကို၊ ကျနော်တို့ တွေ့နေရပါတယ်။ ဒီအနေအထားမှာက၊ အားလုံး သုံးပွင့်ဆိုင်ဆိုတာက၊ အရင်ဆုံး အစိုးရနဲ့ တစ်ဖွဲ့ချင်းတွေ့ကြမယ်။ ဒီလို တွေ့ကြတဲ့နေရာမှာလည်း၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ရိုက် တစ်ဖွဲ့ချင်းတွေ့လို့ အလုပ်မဖြစ်နိုင်ပါဘူး။ ကြားထဲ က စေ့စပ်ညှိနှိုင်းပေးသူ(negotiator) လိုပါတယ်။ negotiatorဆိုတာက သမာသမတ်ရှိတဲ့တိုင်းရင်းသားခေါင်း ဆောင်တွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း၊ ပါကောင်းပါမယ်၊ ဒီလိုမျိုးကိစ္စတွေအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဘယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမဆို၊ “ဒဲ့”ဆွေးနွေးရင်။ မအောင်မြင်ပါဘူး။ ကြားထဲက negotiator မရှိပဲနဲ့ ငြိမ်းချမ်းရေးက၊ မအောင်မြင်နိုင်ဘူး။ ကျနော်ကတော့ ကျနော့်အမြင်ပြောရ ရင်တော့၊ အရင်ဆုံးတော့ ဘာပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်း အစိုးရနဲ့တွေ့ကြမယ်၊ ပြီးတဲ့အခါကျမှ၊ အားလုံးစုပြီးတော့ မှ သုံးပွင့်ဆိုင်ဆိုတာ ဖြစ်လာလိမ့်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူး ဆိုလိုတာက၊ လောလောဆယ်မှာ UNFCဟာ၊ ရှိထားပေးမယ့်လည်း၊ UNFC တပ်ပေါင်းစုအနေနဲ့မှာ ဆွေးနွေးမယ်လို့၊ တိုင်းရင်းသားအဖွဲ့တွေက ပြောနေပေမယ့်၊ UNFCထဲမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးမှာ၊ ဘုံလမ်းစဉ်မရှိသေးပဲ ဖြစ်နေလို့မို့၊ ဟိုတဘက်က အစိုးရ နဲ့သွားဆွေးနွေးရင် အကျိုးမဲ့ဖြစ်လိမ့်မယ်လို့၊ ဗိုလ်မှူးက မြင်တာလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်ခင်ဗျ။ ဒီဘုံလုပ်ငန်းစဉ်တစ်ခု မရှိပဲနဲ့တော့၊ အားလုံးနဲ့ ဆွေးနွေးလို့က တော့၊ အကျိုးမဲ့ဖြစ်နိုင်ပါတယ်။ အခုပဲ ကြည့်ပါ။ UNFCထဲက မွန်ပြည်သစ်ပါတီ(NMSP)က၊ အစိုးရနဲ့ သူ့ဟာ သူ ဆွေးနွေးဖို့၊ ရေးမြို့ကို ရောက်နေပြီလို့၊ ကျနော် ကြားရပါတယ်။ နောက်ပြီးတော့၊ တချိန်က ‘၀’တွေ၊ ကိုး ကန့်တွေနဲ့ KIA က၊ မဟာမိတ်ဖွဲ့ထားတယ် ဆိုပေမယ့်၊ တကယ့်တကယ် အစိုးရနဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ် တဲ့အခါကျတော့၊ ဘယ်‘၀’တွေ ဘယ်ကိုးကန့်တွေကမှ၊ သွားမကူနိုင်ကြပါဘူး။ ဒါတွေက လက်ရှိမှာ၊ တိုင်းရင်း သားအဖွဲ့တွေထဲမှာ တွေ့နေရတာတွေပါ။ ကျနော်ဆိုလိုတာက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လည်း၊ ဘုံအကျိုးစီးပွားတစ်ခုတည်း အပေါ်မှာ မူတည်ပြီး၊ ဘုံမူဝါဒ လမ်းစဉ်တစ်ခုရှိဖို့ လိုပါတယ်။ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး၊ လက်တွေ့လုပ်ပြကြဖို့ လည်း လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ နောက်တခါ UNFC နဲ့ပတ်သက်ပြီးတော့ပဲ၊ နောက်ထပ်ထွက်လာတဲ့ သတင်းတခုက၊ မကြာသေးခင်က ပအို့ဝ်ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ နိုင်ငံရေးကိစ္စတွေနဲ့ တရုတ်-မြန်မာနယ်စပ်ကို ခရီး ထွက်ရာကနေ၊ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ပြန်ရောက်လာပါတယ်။ တရုတ်-မြန်မာနယ်စပ် မှာ၊ သူသိလာတဲ့ အတွေ့အကြုံအရ၊ တရုတ်နိုင်ငံက UNFC ကို၊ သဘောမတွေ့ဘူးဆိုတာကို သူပြောပါတယ်။ တရုတ်နိုင်ငံက UNFCကို၊ သဘောတွေ့တာမတွေ့တာက၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး၊ စစ်ရေးတွေအပေါ်မှာ၊ ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ သက်ရောက်မှု အများကြီး ရှိပါတယ် ခင်ဗျ။ တရုတ်ရဲ့အနေအထားနဲ့ အခု KIA ကိုပဲ ကြည့်ပါ။ KIA ကို၊ တရုတ်က အားပေးခြင်း လက်ခံခြင်း မရှိပါဘူး။ KIA ကလည်း မြစ်ဆုံရေကာတာစီမံ ကိန်းကို ကန့်ကွက်တဲ့အခါကျတော့၊ တရုတ်ကလည်း KIA ကို အစာမကြေဘူး ဖြစ်မှာပါပဲ။ KIA ရဲ့ဒေသဟာ တရုတ်နဲ့အိန္ဒိယကြားမှာပါ။ တကယ်တော့ တရုတ်ကော အိန္ဒိယကော KIAက အဆင်မပြေဖြစ်နေရင်၊ ရေရှည် မှာ KIA ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ KIAဟာ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ပေါင်းပြီး နိုင်ငံရေးနည်းအရ အကောင်းဆုံး ရရှိနိုင်တဲ့ ငြိမ်းချမ်းရေးကို ရှာပြီးတော့မှ၊ အခုလို ပြောင်းလဲနေတဲ့ တိုင်းပြည်ရဲ့ဘောင်ထဲကိုဝင် ပြီးတော့မှ၊ အစိုးရနဲ့ပူး ပေါင်းပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်၊ ကချင်လူထုအတွက်လည်း ငြိမ်းချမ်း ရေးရမယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း သိက္ခာရှိမှာပါ။ အခုလို KIA ကတိုက်လိုက်၊ အစိုး ရက အမြောက်နဲ့ပစ်လိုက် လုပ်နေကြရင်တော့၊ နှစ်ဘက် အသေအပျောက်တွေရှိနေသလို၊ တကယ်တမ်း ဒုက္ခရောက်ကြရတာက ဒေသခံပြည်သူလူထုဗျ။ ဘာဖြစ်လို့လဲဆိုတော့၊ အစိုးရတပ်က စစ်ဆင်ရေး တစ်ခါ ထွက်တာ (၆)လကြာမယ်ဆိုရင်၊ ဒီစစ်ဆင်ရေး အတွင်း၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရတပ်နဲ့၊ တကယ် တမ်းရင်ဆိုင် တိုက်ပွဲဖြစ်ကြတာက လေးငါးခြောက်ခါပဲ ရှိမယ်၊ ဒီခြောက်လအတွင်း နှစ်ဘက်တပ်တွေက စစ် ဆင်ရေးနယ်မြေဒေသခံပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်သွားပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးကို ဒေသခံ ပြည်သူလူထုအပေါ် တင်ထားကြတဲ့ နှစ်ဘက်တပ်တွေက သူတို့အတွက် ပြဿနာမရှိပါဘူး။ ဒီခေတ်ကြီးမှာ စစ်နဲ့ဖြေရှင်းကြတာမျိုးက ခေတ်ကုန်နေပါပြီ။ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်း ငြိမ်းချမ်းရေး နည်းတွေနဲ့ ကိုယ်ရချင်တာကို လုပ်ကိုင်ကြဖို့ လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ တရုတ်က UNFC ကို၊ သဘောမတွေ့ဘူး မကြိုက်ဘူးဆိုတာက၊ UNFCဟာ အခု အစိုး ရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ၊ မြစ်ဆုံရေကာတာကိစ္စတွေကို KIOက ကုလသမဂ္ဂဆီ စာပို့ပြီး၊ တိုင် ကြားတယ်ဆိုတာကို မကြိုက်ဘူး၊ ဘန်ကီမွန်းမလုပ်နိုင်တဲ့ ဒီဒေသငြိမ်းချမ်းရေးကိစ္စကို တရုတ်ကအကုန်လုပ် နိုင်နေတာကြောင့်၊ KIOက ဘာကိစ္စ ဘန်ကီမွန်းဆီ စာပို့ရတာလဲ ဆိုတဲ့စကားမျိုး တရုတ်ကပြောလာတယ် လို့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ သိခဲ့ရတာကို၊ အခု သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ တရုတ်က UNFCထဲ က KIOကို မကြိုက်တာက ထားပါတော့၊ KIOမဟုတ်တဲ့ UNFCထဲက တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့တရုတ် နဲ့ ကြားမှာကကော၊ ဘာပြဿနာတွေ ရှိလို့လဲ။
ဦးအောင်လင်းထွဋ် ။ ။ ပြန်ကြည့်ရင်တော့၊ UNFC ထဲမှာ တချိန်တုန်းက တရုတ်နဲ့ နီးစပ်ခဲ့တာဆိုလို့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တစ်ခုထဲ ရှိပါတယ်ခင်ဗျ။ မွန်(NMSP)တို့၊ ကရင်(KNU)တို့ဟာ တရုတ်နဲ့ မပတ်သက်ခဲ့ပါဘူး၊ လက်ရှိ KIO/KIAတောင်မှ တရုတ်နဲ့နယ်စပ်ချင်းထိတွေ့နေပေမယ့်၊ တရုတ်သြဇာကို ဘယ်တုန်းကမှ မခံခဲ့ပါဘူး။ ဦးဇခုန်တိန့်ယိမ်းတို့ရဲ့ ကချင်အဖွဲ့လောက်ပဲ၊ ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)(၁၀၁)စစ်ဒေသဆိုပြီး၊ သြဇာခံခဲ့တာရှိပါတယ်။ တရုတ်အနေနဲ့က KIO/KIဟာ ဟိုတုန်းကတည်းက၊ သူ့သြဇာ ကို မခံခဲ့တဲ့အဖွဲ့ဆိုပြီး၊ သဘောထားတဲ့ အနေအထား ရှိပါတယ်။ တရုတ်အနေနဲ့က အရင်(၁၉၆၇)က၊ တရုတ်-မြန်မာအရေးအခင်းအပြီးမှာ၊ ‘၀’တို့ ကိုးကန့်တို့ မိုင်းလားတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ၊ တရုတ်တပ်ဖွဲ့ဝင်တွေကိုလည်း ထည့်ထားတာတွေ ရှိခဲ့တာကြောင့်၊ ဒီအဖွဲ့တွေအတွက်ပဲ တရုတ်က ပါဝင်ပတ် သက်မှုရှိနေပြီးတော့၊ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့၊ တရုတ်က ထောက်ခံခြင်းအား ပေးခြင်းရှိလိမ့်မယ်လို့၊ ကျနော်မမြင်ပါဘူး။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရုတ်ကို သွားအားကိုးရင်တော့၊ မှားလိမ့်မယ်လို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်း နောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၄)“ ကို၊ ရှေ့သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေ ခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော်နား ဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
No comments:
Post a Comment