Tuesday, November 15, 2011

စိုက်ပျိုးသီးနှံများ အမြန်ရိတ်သိမ်းပေးရန် အစိုးရတပ် ဖိအားပေး

နိုဝင်ဘာလ ၁၄ရက်။ (ကေအိုင်စီ)

အစိုးရတပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်အတွက် ကရင်နီပြည်နယ် ဖရူဆိုမိုနယ်အတွင်း သိမ်း ဆည်းထားသည့် မြေနေရာမှ စိုက်ခင်းများကို အမြန်ဆုံး ရိတ်သိမ်းပေးရန် ဒေသခံ အစိုးရစစ်တပ်မှ ပြောသည်။

စိုက်ပျိုးသီးနှံ ဧက ၃၀ကျော် စိုက်ပျိုးထားသည့် ဒေါလောခူးကျေးရွာတွင် အောက်တိုဘာလ ၁၁ရက်နေ့မှစ ၅ရက်အတွင်း သီးနှံများကို ရိတ်သိမ်းပေးရန် စစ်တပ်မှ ခေါ်ပြောထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒီအချိန်က သီးနှံတွေ ရိတ်သိမ်းတဲ့အချိန် ဆိုပေမယ့်လည်း တချို့နေရာတွေမှာ ဘာမှမလုပ်ရသေးတာလည်း ရှိတယ် ဒီလိုမျိုး အချိန်တိုအတွင်းနဲ့ အမြန်ဆုံး လုပ်ခိုင်းတာကတော့ ဒေသခံတွေ အခက်ကုံတာပေါ့ဟု ဒေသခံ အမျိုးသားတဦးက ပြောသည်။

ထိုအသိမ်းခံထားရသည့် စိုက်ပျိုးမြေများကို ဒေသခံများက ယခုနှစ်အတွက် သီးနှံစိုက်ပျိုးခွင့်ပေးရန် တောင်းဆိုထားခြင်းဖြင့် ယခုလို သီးနှံများကို တနှစ်စာ စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ခုနှစ် ဇန်နဝါရီလခန့်က ဖရူဆိုမို၏ အရှေ့တောင်ဘက် ၅မိုင်အကွာရှိ မိုမအုပ်၊ ကေးလျားအုပ်စုနှင့် မာခရော်ရှေအုပ် အစရှိသည့် ကျေးရွာ ၉ရွာမှ ဒေသခံ စိုက်ပျိုးမြေဧက ၂,၇၀၀ခန့်က စစ်တပ်မှ လာရောက် တိုင်းတာထားပီး မေလခန့်က စတင် သိမ်းဆည်းခဲ့သည်။

စက်တင်ဘာကစပြီး သိမ်းဆည်းထားသည့် မြေနေရာများတွင် ဖရူဆိုအခြေစိုက် အစိုးရတပ်များ လမ်းဖောက်လုပ်ရေး၊ အဆောက်အအုံဆောက်ခြင်း အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့မှ တာဝန်ရှိသူ ခူးတော်ရယ်က ပီးခဲ့တဲ့လကတည်းက သူတို့(စစ်တပ်)တွေက လုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေတာဖြစ်တယ်၊ အခုလည်း ဒေသခံတွေ စိုက်ထားတဲ့ သီးနှံတွေကို အမြန် ရိတ်သိမ်းခိုင်းနေတော့ သူတို့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ပဲ”ဟု ဆိုသည်။

အစိုးတပ်က သိမ်းဆည်းထားသည့် စိုက်ပျိုးမြေများအတွက် နစ်နာကြေးအဖြစ် မြေတဧကလျှင် ကျပ်ငွေ ငါးသောင်းဖြင့် ဒေသ ခံများကို ပေးဆောင်ခဲ့သည်။

စစ်တပ်မှ မြေယာများ လာရောက်တိုင်းတာထားပီးနောက် ဒေသခံများက သူတို့ပိုင်ဆိုင်သည့် စိုက်ပျိုးမြေများ ပြန်လည်ရရှိရန် စုပေါင်းလက်မှတ်ရေးထိုးကာ ကယားပြည်နယ် ဝန်ကြီးချုပ်ထံ လိပ်မူပြီး ဧပြီလခန့်က ဒေသအာဏာပိုင်များထံမှတဆင့် တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိပေ။

ထိုဒေသအတွင်း နေထိုင်နေကြသည့် ဒေသခံများသည် စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ အစရှိသည့် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြသည်။

ဖရူဆိုမြို့နယ်တွင် အစိုးရ ခြေမြန်တပ်ရင်း ခမရ(၅၇၅)နှင့် ခမရ(၅၇၆)တပ်များ လှုပ်ရှားနေပြီး တန်းမြင့်လေ့ကျင့်ရေးကျောင်း တည်ဆောက်မည့် အစီအစဉ် ပေါ်လာပီးနောက် အစိုးရတပ် ခမရ(၄၂၈) တပ်ရင်းတစ်ရင်း ထပ်တိုးလာခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)