Thursday, February 23, 2012

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

Wednesday, 22 February 2012

ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးထားသော်လည်း ပစ်ခတ်ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက်သွားရန် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲကို KNU က ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြမြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့ သည်။
၎င်းအဆင့်(၄)ဆင့်မှာ ပဏာမ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး၊ ကနဦး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ အခြေခံ နိုင်ငံရေးပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်းတို့ ဖြစ်သည်။
KNU သတင်းစာရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေတို့မှ လက်ရှိ ပဏာမ ပစ်ခတ်ရပ်ဆိုင်းရေး အခြေအနေ၊ KNU ၏ ရပ်တည်ချက်နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် KNU ၏ အနာဂတ် လိုလား ချက်များကို တက်ရောက်လာသည့် သတင်းထောက်များအား ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် လာမည့်မတ်လ ပထမပတ်တွင် မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံသွားမည်ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်မှုကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
ယနေ့ ထုတ်ပြန်သည့် KNU ၏ သတင်းထုတ်ပြန်ချက်တွင် KNU နယ်မြေအတွင်းရှိ ကျေးရွာများအနီးမှ အစိုးရတပ်များကို ချက်ချင်း ရုပ် သိမ်းပေးရန်၊ တပ်အင်အား လျှော့ချပေးရန်နှင့် တိုင်းရင်းသားဒေသများသို့ တပ်သားများနှင့် ထောက်ပံ့ပစ္စည်းများ ထပ်မံ ပို့ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများအဖြစ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသော KNU အဖွဲ့ဝင်များနှင့် ကရင်ပြည်သူများ အားလုံးကို ချက်ချင်း လွှတ်ပေးရန်နှင့် ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသများအားလုံးတွင် စစ်ဆင်မှုများကို ချက်ချင်းရပ်တန့် ရန် တောင်းဆိုထားသည်။
အပစ်အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်။ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အခြေခံ အကျဆုံးသော အဆင့်များကို ထုတ်ဖော် ကြေညာသည့် KNU ၏ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်အတွင်းရေးမှူး-၁ လည်းဖြစ်၊ KNU စည်းရုံးရေးဌာနတာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးစောလှငွေနှင့် ၎င်းဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်းတို့က အဓိက တာဝန်ယူ ရှင်းလင်းခဲ့ ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)