Sunday, April 22, 2012

သမ္မတ ဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်

2012-04-20

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မဲခေါင်ဒေသ (၅) နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့၊ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားအောင် အကူအညီပေးကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို ပန်ကြားလိုက်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။

AFP
၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်က ဂျပန်နိုင်ငံတွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဧကရာဇ် Akihito တွေ့ဆုံနေစဉ်။

ဂျပန်ရဲ့ အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းကြီးတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားရေးမှာ ကူညီကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ မိမိတို့ဟာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လမ်းခုလပ်ကာလမှာ ရောက်ရှိနေကြောင်း၊ အထူး စီးပွားရေးဇုန်တွေကိုလည်း ထူထောင်နေပါကြောင်း၊ ဒီအတွက် ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပါကြောင်း ဂျပန် စီးပွားရေး လုပ်ငန်းရှင်များအသင်းက တည်ခင်းတဲ့ နေ့လည်စာ စားပွဲမှာ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း ဂျပန် NTT Data ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ ကွန်ပြူတာစနစ် တိုးတက်ဖွံ့ဖြိုးရေးအတွက် လာမယ့် စက်တင်ဘာလအတွင်း ရန်ကုန်မှာ ရုံးခွဲတစ်ခု ဖွင့်လှစ်မယ်လို့ ပြောဆိုပါတယ်။
အဲဒီအသစ်ဖွင့်လှစ်မယ့် NTT Data Myanmar ကုမ္ပဏီဟာ NTT ကမ်းလွန် ကွန်ရက်နဲ့ ချိတ်ဆက်ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းတွေ စတင်မယ်လို့ ဆိုပါတယ်။
NTT Data Myanmar ကုမ္ပဏီအတွက် စစချင်း အလုပ်နေရာ (၅၀) လိုအပ်မှာဖြစ်ပြီး (၅) နှစ်အတွင်း အလုပ်နေရာ ( ၅၀၀) ဖန်တီးပေးနိုင်မယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

Source: http://www.rfa.org/burmese/news/japan-investment-04202012214539.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)