Saturday, April 14, 2012

မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ်ဆင်လာပြီးနောက် KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များသို့ “အစိုးရတပ်အား နေရာမရွေး တိုက်ခိုက်ရန်” လွန်ခဲ့သည့်အပတ်က အမိန့်ပေးခဲ့ကြောင်း KIO အရာရှိများဆိုသည်။

ယခု အမိန့်အရ အစိုးရထိန်းချုပ်ဒေသများသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သင်္ကြန်ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင်ဂဏန်းဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးအစီစဉ်များ ပြုလုပ်နေခြင်းကြောင့် အစိုးရ စစ်ရေးပစ်မှတ်များ အားလုံး မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပါ။
ကချင်ပြည်နယ် အရှေ့ဘက် KIO ရှေ့တန်းသို့ ချီတက်လာသော မြန်မာအစိုးရ စစ်သားများ။

ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခု မတ်လအထိ မြန်မာ့တပ်မတော်၏ KIO ပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် KIO က အစိုးရတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင်တပ်များကို တားမြစ်ထားသော်လည်း မိမိနယ်မြေထဲ ကျူးကျော်လာသည့် စစ်ကြောင်းများကို အကန့်အသတ်ဖြင့် ခုခံတိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။

နှစ်ဖက်ကြား အဓိက ခြားနားနေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ်ခတ်ရပ်ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအတိုင်း နိုင်ငံရေးဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြထားခြင်းသည် ပြည်ထောင်စုအစပြုခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ် ကတိက၀တ်အတိုင်း နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်ဆုံး နက်လက်ကိုင်တပ် ကိစ္စ ဆွေးနွေးရေးဖြစ်သည်။

၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။

Source: kachinnews.com/burmese/news/766

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)