Monday, April 23, 2012

ကျမ်းကျိန်စာသားကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်


သတင်း - အာရ်အက်ဖ်အေ (၂၂-၄-၂၀၁၂)

ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒါဟာ လွှတ်တော်ကို သပိတ်မှောက်တာမဟုတ်ဘဲ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲမို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
“ကျနော်တို့က တက်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်၊ တစုံတရာ တိုးတက်မှု မရသေးတဲ့အတွက်ကြောင့် ဒီကနေ့ နေပြည်တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့်မို့လို့ မနက်ဖန် ကျင်းပမယ့် ပထမအကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ကျနော်တို့ တက်ရောက်ဦးမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းပြကြပါတယ်။ ဦးဉာဏ်ဝင်းတို့ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ ပြေလည်သွားမယ်ဆိုရင် အမြန်ဆုံး လွှတ်တော်တက်ရောက်တာကို တွေ့ရမှာပါ။”

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ Uphold စကားရပ်အစား respect လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ဆိုရာမှာ ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် မတက်ရောက်သေးတာလို့ ပြောပါတယ်။

ဒီနေ့ဟာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဆွေးနွေးပွဲသင်တန်း နောက်ဆုံးနေ့ဖြစ်ပြီး ဒီအခမ်းအနားကာလအတွင်း သတင်းထောက်တွေက မေးမြန်းတဲ့အခါ သပိတ်မှောက်တာမဟုတ်ဘဲ အချိန်အခါသင့်ချိန်ကို စောင့်နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေကြားတယ်လို့လည်း အေအက်ဖ်ပီသတင်းမှာ ပါရှိပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)