Wednesday, May 2, 2012

အမုန်းရဲ့မြစ်ဖျား

အမုန်းရဲ့မြစ်ဖျား

အခန်း (၁)

“ဗမာတွေကိုမုန်းတယ်၊ ကျွန်တော်ဗမာစစ်သားတွေအားလုံးကိုသတ်ချင်တယ်”

အသက် ၁၄ နှစ်အရွယ်လူငယ်လေးတယောက် နာနာကျည်းကျည်း ပြောလိုက်တဲ့စကားမို့ ရုတ်တရက်အံ့အားသင့်မှင်သက်မိသွားပါတယ်။  လူတဦး၊ မိသားစုတခု၊ လူမျိုးတမျိုးကိုမုန်းတီးခြင်းသည် မလိုလားအပ်ရာ၊ ၀မ်းနည်းဖွယ်ရာဖြစ်ပါသည်။ တကယ်တော့အမုန်းဟူသည် အမုန်းခံရသူနှင့် မုန်းသူနှစ်ဦးနှစ်ဖက်လုံးအတွက် ပူလောင်ဆုံးရှုံးမှုမှတပါး ဘာကိုမှမပေးနိုင်ပါ။
ငယ်ရွယ်နုနယ်သော ဤကလေးငယ်၏ရင်ထဲတွင် အမုန်းတရားများ အဘယ်ကြောင့် ဤမျှတောက်လောင်နေသနည်း။ နာကျည်းမှု၊ ၀မ်းနည်းကြေကွဲမှုတို့ရောယှက်နေသော သူ့မျက်ဝန်းမှ စီးကျလာသောမျက်ရည်မြစ် ကိုဆန်၍ သူ့ဘ၀၊ သူ့အတိတ်ဆ်ီသွားမိလေတော့ အမုန်းတရားတို့မြစ်ဖျားခံရာ သူ့ငယ်ဘ၀ကား မယုံနိုင်အောင် နာကျင်ကြေကွဲဖွယ်အတိ ရှိနေတော့သည်။


အခန်း (၂)

၁၉၉၀ ပြည့်လွန်နှစ်၊ တနင်္သာရီတိုင်း၊

ရှားဖောင်အသက် ရ နှစ်၊ ၈ နှစ် အရွယ်ခန့်ကဖြစ်သည်။ ဖေဖေရယ်၊ မေမေရယ်၊ ရှားဖောင်ရယ် (၃)ယောက် အဲသည်နေ့ကယာခင်းသိမ်းပြီး အိမ်ပြန်လာတဲ့ညနေခင်းလေးတခုမှာပါ။ ရွှေဝါရောင် ညနေခင်းအောက်မှာ တနင်္သာရီတောင်တန်းကြီးကလှချင်တိုင်းလှနေတယ်။ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမာလ်တွေနဲ့အတူ ဟိုမှာသည်ဘက် ကိုင်းကူးပျံသန်းနေကြတဲ့ ကျေးငှက်ကလေးတတွေ၊ တခါတခါ လူသွားလမ်းကို ဖြတ်ပြေးသွားတဲ့ တောကောင်ငယ်လေးများ၊ ရှဥ့်ကလေးများကချစ်စရာတောအလှကို မွမ်းမံချယ်သနေသလိုပါဘဲ။

ရှားဖောင်အရွယ် ခြေလှမ်းခပ်ငယ်ငယ်မို့ ဖေဖေ မေမေတို့နောက်အပြေးကလေးလိုက်နေရတယ်။ တခါတလေ ရှေ့ကပြေးလိုက်၊ တခါတလေနောက်ကျန်လိုက်နဲ့ အိမ်အပြန်ခရီးက ပျော်ရွှင်ဖွယ်မိသားစုညနေခင်းလေးပါ။ ဖေဖေနဲ့မေမေက စကားစမြည်ပြောရင်း ရှားဖောင်လေးကို စောင့်ခေါ်ရင်း လမ်းကွေ့တနေရာအရောက် ဘွားကနဲတွေ့လိုက်ရတဲ့ ဗမာစစ်သားတွေကြောင့်ခြေလှမ်းများတုန့်ကနဲရပ်သွားကြတယ်။ ဘယ်လိုမှရှောင်ပုန်း၍ မရတော့။ စိတ်ထဲမှာတော့တထင့်ထင့်။


အခန်း (၃)

အဲဒီညနေခင်းတုံးကဖြစ်ခဲ့တာတွေမှတ်မိသလောက်ပြန်ပြောပြပါလား ရှားဖောင်။

စစ်သားတွေက ကျွန်တော်တို့ကို သေနတ်နဲ့ချိန်ထားတယ်။
မေမေက ကျွန်တော့ကိုဖက်ထားတယ်။

စစ်သားတွေဖေဖေကိုဘာမေးလဲမသိဘူး။ ကျွန်တော်မှဗမာလိုနားမလည်တာ။ ဖေဖေ့ကိုကြိုးချည်လိုက်တော့ ကျွန်တော်အရမ်းကြောက်သွားတယ်။ ကျွန်တော့ကိုကိုင်ထားတဲ့မေမေလက်တွေလည်း တုန်နေတယ်။

ဖေဖေ့ကိုသူတို့ ရိုက်တယ်၊ လက်သီးနဲ့ထိုးတယ်။ ဖေဖေလဲကျတော့ ခြေထောက်နဲ့ထပ်ကန်ကြတယ်။ ဖေဖေမျက်နှာမှာသွေးတွေအများကြီးကျလာတယ်။

မေမေကငိုပြီးသွားတောင်းပန်တော့ စစ်သားတယောက်က တအားကြီးပါးရိုက်ထည့်လိုက်တာ မေမေလဲကျသွားတယ်။ ကျွန်တော်ကြောက်တယ်၊ မေမေကို ကြည့် ပြီးငိုတယ်။ အမေ့အနားသွားတော့မေမေက ကျွန်တော့်ကိုဖက်ထားပြီးငိုတယ်။

သူတို့ပြောတာကိုကျွန်တော်ဘာမှနားမလည်ဘူး၊ ဖေဖေကိုသေနတ်ဒင်နဲ့ထုလိုက်တော့ ဖေဖေလဲကျသွားတယ်။ ဖေဖေကို ပြန်ထခိုင်းပြီး စစ်သားတယောက်က ဓားနဲ့ထိုးလိုက်တယ်။ ဖေဖေအော်ပြီးဒူးထောက်ကျသွားတယ်။ သွေးတွေလည်းအများကြီးထွက်လာတယ်။

ကျွန်တော်ငိုနေသေးလား မမှတ်မိတော့ဘူး၊ ကျွန်တော်ဖေဖေ့ ကိုတအားသနားတာဘဲသိတယ်။ ဖေဖေအရမ်းနာနေတယ်။ ဖေဖေကျွန်တော်တို့ကိုလှမ်းကြည့်တယ်။ စစ်သားတယောက်ကသူ့မျက်လုံးကိုဓားနဲ့ထိုးတော့ အဖေတအားအော်တယ်။ သွေးတွေလဲအများကြီးဘဲကျလာတယ်။

ဖေဖေမြေကြီးပေါ်လဲကျသွား ပြီးလှုပ်နေတယ်၊ နောက်တော့စစ်သားကသူ့ကိုသေနတ်နဲ့ပစ်လိုက်တယ်။


အခန်း(၄)

ရှားဖောင်ရဲ့အသံကနာနာကျည်းကျည်း နှင့်ဆို့နင့်ကြေကွဲနေသည်။ နာကျင်ကြေကွဲနေသော သူ့မျက်လုံးကို ကျွန်တော်ရင်ဆိုင်ကြည့်နိုင်စွမ်းမရှိပါ။ ကျွန်တော့ရင်ထဲဘောင်ဘင်ခတ်နေတဲ့အတွေးတွေနဲ့အတူ မေးခွန်းပေါင်းများစွာ ကိုမေးမိတယ်။

သိတတ်စ၊ လူမမယ်ကလေးငယ်တဦးရှေ့တွင် ဖခင်အားရက်စက်ရုတ်မာစွာသတ်ဖြတ်သွားသော ဤစစ်သားများမှာလူစိတ်မှရှိပါရဲ့လား။

ဇနီးသည်တဦး ရှေ့တွင် အပြစ်မဲ့လင်သားအား လူမဆန်ရက်စက်စွာသတ်ဖြတ်သွားတဲ့ ဗမာ့တပ်မတော်သားများရဲ့ လူမျိုးရေးမုန်းတီးမှုနှင့် ရည်ရွယ်ချက်ကဘာတွေလဲ။

တောတောင်နေတိုင်းရင်းသားတို့၏ ဘ၀အသက်တချောင်းသည် သွေးဆာနေသော ဗမာ့တပ်မတော်သားများအတွက် လူသားတဦးအဖြစ်အသိအမှတ်ပြုရန်မရှိပြီလော။

ဤအဖြစ်သည် စစ်သားတဦး၊ စစ်သားတဖွဲ့ရဲ့ လုပ်ရပ်သာဖြစ်ပြီး ဗမာ့တပ်မတော်ကို ကိုယ်စားမပြုပါဟု ဆိုလျှင် တိုင်းရင်းသားနယ်မြေများစွာတွင် ယခုကဲ့သို့သောဖြစ်ရပ်များ အဘယ်ကြောင့်ထပ်ခါတလဲလဲ ယခုတိုင်အောင် ဖြစ်နေရပါသနည်း။


အခန်း (၅)

တောတောင်နေတိုင်းရင်သားများစွာတို့ဗမာကို ကြောက်ကြပါသည်၊ မုန်းကြပါသည်။

သူတို့သိသော ဗမာဆိုသည်မှာ သူတို့အရပ်ကိုရောက်လာပြီး သူတို့ကိုညှင်းဆဲသတ်ဖြတ်သော၊ သူတို့ဘ၀၊ သူတို့ဇနီးမယားနှင့်သမီးပျိုများကို ဖျက်ဆီးလေသော၊ မုဒိန်းကျင့်သော၊ သူတို့ ကျေးရွာ ဆန်စပါး တောင်ယာသီးနှံများကို ဖျက်ဆီးမီးရှို့သော ဗမာ့တပ်မတော်သား ခေါ် ဗမာစစ်သားများသာဖြစ်ပါသည်။

အမုန်းမီးသည် မလိုလားအပ်ရာဖြစ်ပါသည်။ အမုန်းဟူသည် အမုန်းခံရသူနှင့် မုန်းသူနှစ်ဦးနှစ်ဖက်လုံးအတွက် ပူလောင်ဆုံးရှုံးမှုမှတပါး ဘာကိုမှမပေးနိုင်ပါ။ သို့သော် မိမိ၏အရပ်ဒေသ၊ မိမိ၏အသိုက်အမြုံကို ကျူးကျော်ဖျက်ဆီးလာသူ၊ မိမိ၏သားမယား၊ လင်သားညီအကိုအား အကြောင်းမဲ့ ကျုးကျော်သတ်ဖြတ်လာသူအား မည်သို့သဘောထားသင့်ပါသနည်း။

ဗမာ့တပ်မတော်၏ တိုင်းရင်းသားများအပေါ် လူမဆန်သော ရက်စက်ယုတ်မာမှုများသည် ဗမာလူမျိုးကိုကိုယ်စားမပြုကြောင်း ယုံကြည်အောင်သက်သေပြရန်မှာတော့ စေတနာစိတ်ရင်းမှန်သော ဗမာလူမျိုးများ၏ အမျိုးသားရေးတာဝန်တရပ်ဖြစ်ချေတော့မည်။

ရဲရဲတွေး

ကရင်လူငယ်လေးတဦး၏ ဘ၀အဖြစ်မှန်ကို အခြေပြုရေးသားပါသည်။

Source: http://dreamzvalley.blogspot.com.au/2012/05/blog-post.html#more

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)