Tuesday, May 22, 2012

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ

ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ်

ချင်းမိုင်(မဇ္စျိမ) ။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ တနလာင်္နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့နှင့် နှစ်နာရီခွဲခန့်ကြာ မိတ်ဆက်သဘောအရ ပဏာမ တွေ့ဆုံခဲ့သည်ဟု KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

“ပဏာမ မိတ်ဆက်တွေ့ကြတဲ့ သဘောလောက်ပါဘဲ။ ဘာမှ ဆွေးနွေးတာ မရှိပါဘူး။ ပြန်ဆွေးနွေးဖို့ကိစ္စက တပ်ပိုင်းဘဲ
ဖြစ်ဖြစ်၊ နိုင်ငံရေးပိုင်းဘဲဖြစ်ဖြစ် ဗဟိုလိုင်ဇာမှာ ဗဟိုကိုယ်စားလှယ်အဖွဲ့နဲ့ဘဲ လုပ်ဖို့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို
ပြောပြတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

“မိတ်ဆက်ဆိုတော့ သူ့နဲ့လည်း သိကျွမ်းခင်မင်မှုအရ နောက်တခါ တရားဝင်ဖြစ်ဖြစ် ဆွေးနွေးကြတဲ့အခါ ခင်မင်မှု ရှိကြရင် ပိုပြီး အဆင်ပြေမှု ဖြစ်နိုင်တယ်။ ဒါကြောင့် သူခေါ်တော့ မိတ်ဆက်အနေနဲ့ သွားကြတာ”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က နှစ်ဖက် ပြန်လည် တွေ့ဆုံရန် ဝန်ကြီး ဦးအောင်မင်း၏ လက်မှတ်ရေးထိုးထားသည့်
တွေ့ဆုံမည့် စာကို အီးမေးမှတဆင့် လက်ခံရရှိ၍ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု အကျိုးဆောင်အဖွဲ့ဝင် ဦးဆန့်အောင်က ပြောသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ဦအောင်သောင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နှစ်ဖက်စစ်ရေးကိစ္စ သဘောတူညီမှု မရပေ။

မကြာမီက အစိုးရ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီး ဦအောင်မင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉  ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် KIO ခေါင်းဆောင် များနှင့် အလွတ်သဘော တွေ့ဆုံခဲ့သေးသည်။

အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်မူ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရသော်လည်း KIO အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ သဘောတူညီမှုမရသေးကာ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ယနေ့ ဝန်ကြီးဦအောင်မင်းနှင့် တွေ့ဆုံမှုအပေါ် အကောင်းဘက်ရှုမြင်ပြီး အဆင့်ဆင့်သို့ တိုးတက်မှု ဖြစ်ပေါ်လာရေး အတွက် ဆန္ဒပြုကြောင်း ဒေါက်တာလဂျာက ပြောသည်။

နောက်တကြိမ် နှစ်ဖက် ပြန်လည် တွေ့ဆုံရန် ရှိသော်လည်း နေ့ရက်၊ နေရာကိုမူ ဆုံးဖြတ်ခြင်း မရှိသေးပေ။

Source: http://www.mizzimaburmese.com/news/inside-burma/9354--kio-.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)