Friday, June 1, 2012

မွန် နှစ်ပါတီ ဖြစ်မည် “မွန်ဒီမိုကရေစီပါတီ” တည်ထောင်ခွင့် ကျ

ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂ ခုနှစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အား မွန်ဒီမိုကရေစီပါတီ MDP အမည်ဖြင့် ပြန်လည်တည်ထောင်ခွင့် ရပြီဖြစ်၍ လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP နှင်အတူ မွန်အမျိုးသားပါတီ နှစ်ရပ်အဖြစ် ပေါ်ထွက်လာမည် ဖြစ်သည်။
MDP အား မေလ ၃၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီတည်ထောင်ခွင့် ပြုလိုက်ခြင်း
ဖြစ်ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်သည့် နိုင်စိုးမြင့်က ပြောသည်။

“ပါတီ တည်ထောင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။ ဒီနေ့ CEC တွေ တွေ့ပြီး အဖွဲ့ခေါင်းဆောင် ဒု-အဖွဲ့ခေါင်းဆောင်တွေ ရွေးဖို့ ရှိပါတယ်။ အဖွဲ့ခေါင်းဆောင်ကိုတော့
နိုင်ငွေသိမ်းကိုပဲ တင်မယ်လို့ အကြမ်းဖျင်း ရည်ရွယ်ထားပါတယ်” ဟု နိုင်စိုးမြင့်မှ ပြောကြားသွားသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လုပ်ထုံး လုပ်နည်း ဥပဒေ များအရ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ပေါင်း ၁,ဝဝဝ ၏ စုပေါင်းလက်မှတ်ဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမည် ဖြစ်သည်။

ယခင် MNDF နာမည်ဖြင့် ၁၉၉ဝ ၌ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦး အရွေးခံခဲ့ရသော်လည်း ၁၉၉၂ ခုနှစ်၌ စစ်အစိုးရမှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ထိုစဉ်၌ အခြားနိုင်ငံရေး ပါတီ များစွာတို့လည်း အလားတူ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

“ပါတီ ညီလာခံ ခေါ်ဖို့လည်း ရှိပါတယ်။ အချိန်ကာလကိုတော့ ကျနော် အတိအကျ မပြောနိုင်သေးဘူး” ဟု ပါတီ၏ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းမှ ပြောသည်။

ပါတီခေါင်းဆောင် အများစုမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ထွန်းသိန်း၊
နိုင်ငွေသိမ်း၊ နိုင်ဗလ တို့အား နိုင်ငံရေး သင်တန်း ပို့ချမှု၊ နိုင်ငံရေး သင်တန်းစာအုပ် ထုတ်ဝေ ဖြန့်ချိမှုဖြင့် ထောင်ဒဏ် ၂၁ စီ ချမှတ်ခံခဲ့ရသော်လည်း စစ်အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် မွန်ပြည်သစ်ပါတီမှ တောင်းဆိုခဲ့မှုကြောင့် ၁၉၉၄ ခုနှစ်၌ ပြန်လည် လွတ်မြောက်ခဲ့သည်။

၁၉၉၈ ခုနှစ်၌ နိုင်ငွေသိမ်း၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဒေါက်တာ မင်းစိုးလင်း တို့နှင့်အတူ မွန်ပြည်သစ်ပါတီ ပေးပို့ သည့် အကြံပြုစာတမ်းတွင် “နဝတ စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေသည်” ဆိုသည့် စာ အရေးအသား
ကြောင့် ထောက်ဒဏ် ၇ နှစ်စီ ကျခံခဲ့ရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် AMRDP နှင့် တပါတီတည်း ပေါင်းစည်းရန်အတွက် ကြိုးပမ်းခဲ့မှုများ ရှိခဲ့သော်လည်း အဆင်မပြေကြောင်း MDP ဥက္ကဋ္ဌ နိုင်ငွေသိမ်း က ပြောသည်။

“မွန်ဒေသုံးဆိုင်ရာ ပါတီဘက်က ပေါင်းစည်းရေး ကော်မတီကို ဖျက်လိုက်ပြီဆိုတော့ ပေါင်းဖို့ လုပ်ငန်းစဉ်တွေက ဂွကျကုန်တယ်။ ၂ဝ၁၄ ဒီဇင်ဘာမှ ပြန်တွေ့မယ်။ ၂ဝ၁၅ မှာ ပေါင်းပြီး ရွေးကောက်ပွဲ ဝင်ဖို့ကိုတော့ နှစ်ဖက် သဘောတူ ထားတာတော့ ဆက်လက် တည်ရှိနေပါတယ်” ဟု ပြောသည်။

AMRDP နှင့် MDP တို့ ပေါင်းစည်းရန် သဘောတူညီချက် ရရှိပြီ်း ဖြစ်သော်လည်း ပေါင်းစည်းရေး ပုံမှန် ညှိုနှိုင်း အစည်းအဝေး ကျင်းပသည့် ပထမအကြိမ် အစည်းအဝေး၌ AMRDP ဘက်မှ ပေါင်းစည်းရေး ကော်မတီကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
Source: http://www.mizzimaburmese.com/news/inside-burma/9412-2012-05-31-08-06-27.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)