Tuesday, June 5, 2012

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ်

စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။
“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့ လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် လများ အတွင်း၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်မှ ကော်မီတီဝင်များမှ လယ်သမားများအား
ဖြန့်ဖြူးရန် အကြောင်းပြ၍ ဓါတ်မြေသြဇာ လျှောက်ထားခဲ့ပြီး ရရှိလာသည့်အခါ သုခမိန် ပွဲရုံ၌
ရောင်းချခဲ့ကြသည်။ ထိုမှ ရရှိ လာသည့် အမြတ်ငွေ ကျပ်သိန်း ၆၀၀ ခန့်အား ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်။ အလားတူ စားအုန်းဆီ ဖြန့်ဖြူးရေးနှင့် အခြား စီးပွားရေး လုပ်ပိုင်ခွင့် ပါမစ်များအား အစိုးရထံမှ လျှောက်ထားပြီး ပါမစ်များအား ရောင်းချကာ ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

“တိုင်းဒေသကြီး အဆင့်က ဆိုတာက ဒီကိစ္စတွေက လွန်သွားပြီ။ သူတို့တွေ အနေနဲ့ ဘာမှ လုပ်လို့ မရတော့လို့။ ဒီကိစ္စ ပြည်သူတွေ သိသွားရင် သူတို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ပြီး ပြည်သူတွေ အယုံအကြည် မရှိမှာစိုးလို့ သိုသိုသိပ်သိပ်ပဲ ဒီကိစ္စကို လုပ်ဆောင်နေကြတာ။ ဒါပေမယ့် ဒီခြစားမှုကို တကယ်သိတဲ့ အောက်ခြေ အဖွဲ့ဝင်တွေက လုံးဝ မကျေနပ်ကြလို့ အခုလို ဖြစ်သွားတာ” ဟု အဆိုပါ တိုင်းရုံး ပါတီဝင်ဟောင်း တဦးက ပြောသည်။

ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း က “တိုင်စာများသည့် အုပ်ချုပ်ရေးမှူးများအား ထုတ်ပယ်ပေးမည်”ဟု ပြောထားသဖြင့် ပဲခူးတိုင်း စည်ပင် ဝန်ကြီး ဦးရဲမြင့်၏ တပည့်များက ရပ်ရွာအုပ်ချုပ်ရေး ကိစ္စရပ်များတွင် ဝင်ရောက် ချယ်လှယ်ကြကာ ၎င်းတို့နှင့် အဆင်မပြေသည့် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအား “လီဆယ် တိုင်တန်းလျက်” ရှိနေကြောင်း အင်းတကော် ကျေးရွာမှပြည်ခိုင်ဖြိုး ပါတီဝင် တဦးမှ မီဒီယာများသို့ ပေးပို့သည့် စာတစောင်၌ ဖော်ပြပါရှိသည်။

Source: http://www.mizzimaburmese.com/news/breaking-newsbrief/9440-2012-06-05-06-09-32.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)