အောင်ဝင်း
|
ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂ ခုနှစ်
“အဲဒီ တိုက်ခန်းထဲကနေ မီးခိုးတွေ ထွက်နေတာကို ကျနော် အပြင်က ပြန်ရောက်လာတဲ့ ၁၁ နာရီ မိနစ် ၂ဝ လောက်မှာ တွေ့လိုက်ရတာပါ။ မီးသတ်ကို ဖုန်းဆက် အကြောင်းကြားပြီး မီးသတ်ကားတွေ ၁၁ နာရီ ၄၅ လောက် ရောက်လာပါတယ်” ဟု အဆိုပါ တိုက်ခန်းအနီးနေ ထိုင်သော ဆယ်အိမ်မှူးတဦးက ဆိုသည်။
တာဝန်ရှိသူများ အဆိုပါ မီးလောင်သော အခန်းတွင်းသို့ ဝင်ရောက် စစ်ဆေးကြည့်ရာတွင် စောင်နှင့် ပတ်ထားသော ရုပ်အလောင်းနှင့် ရုပ်အလောင်း အောက်ရှိ ဂွမ်း မွေ့ယာကို မီးတငွေ့ငွေ့ စွဲလောင်ထားသည်ကို တွေ့ရှိရပြီး တိုက်ခန်း အခြား နေရာတို့တွင် မီးလောင် ထားသည်ကို မတွေ့ရှိ ရဟု ဆိုသည်။
“ကောင်မလေးကို တကိုယ်လုံး စောင်နဲ့ ပတ်ထားတာ မျက်နှာနဲ့ ခြေလက် အဖျားပိုင်းတွေပဲ တွေ့ရတာပါ။ ခေါင်းမှာ လည်း သွေးတွေ စီးကျနေတာပါ။ ခေါင်းကွဲ ဒဏ်ရာ နှစ်ချက်နဲ့လည်ပင်းမှာ ဒါးနဲ့ လှီးဖျက် ခံထားရတဲ့ ပြက်ရှ ဒဏ်ရာ
တွေကို တွေ့ရပါတယ်။ ရုပ်အလောင်းကိုတော့ နေ့လည် ၃ နာရီကျော်လောက်မှ သယ်သွားတာပါ” ဟု ရဲမှုခင်း တပ်ဖွဲ့နှင့်အတူ အဆိုပါ အခင်းဖြစ်ပွားရာသို့ လိုက်လံကြည့်ရှုသော ဆယ်အိမ်မှုးက ဆိုသည်။
ဆရာဝန် စစ်ဆေးချက်အရ အဆိုပါ အသတ်ခံရသူ မိန်းကလေးအား ဗလက္ကာယ ပြုကျင့်ထားသည့် လက္ခဏာများ တွေ့ရှိရခြင်း မရှိဟု ဆိုသည်။
အဆိုပါ အသတ်ခံရသော ကျောင်းသူသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခုနှစ် မတ်လအတွင်း ဖြေဆိုထားခဲ့ပြီး၊ လသာ အထက ၂ တွင် တက်ရောက် ပညာသင်ကြားခဲ့သူတဦးဖြစ်ကြောင်း အိမ်နီးချင်း တဦးက ဆိုသည်။
အဆိုပါ မိန်းကလေးသည် မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး၊ အကို နှစ်ယောက်နှင့် မိဘနှစ်ဦးလုံး လသာမြို့နယ် ၁၈ လမ်းအတွင်း ဈေးထွက် ရောင်းနေစဉ် နေအိမ်တွင် တဦးတည်းကျန် ရှိကာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
အထက်ပါ ဖြစ်စဉ်တွင် ပစ္စည်းလုယက်မှု ပါဝင်ပြီး လုယက်ခံရသည့် ပစ္စည်းများမှာ ရွှေထည် ပစ္စည်း ၁၃ မျိုး ဖြစ်ပြီး တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကာ တရားခံကို စုံစစ်းလျက်ရှိကြောင်း ယင်းအမှုကို ပ-၁၃ဝ၊ လူသတ်မှု ၊ အလောင်း ဖျောက်ဖျက်မှု၊ မီးရှို့မှု၊ ခိုးမှု တို့ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/ ၄၃၆/ ၂ဝ၁/၃၉၂ တို့ဖြင့် အရေးယူထားကြောင်းသိရှိရသည်။
Source: http://www.mizzimaburmese.com/news/breaking-newsbrief/9420-2012-05-31-15-24-05.html
No comments:
Post a Comment