Tuesday, July 31, 2012

ဗဟိုချုပ်ကိုင်မှုစနစ်မှာ Sanction မရှိတော့တဲ့ ကာလ ဘာတွေဖြစ်လာနိုင်သလဲ

ဗဟိုချုပ်ကိုင်မှုစနစ်မှာ Sanction မရှိတော့တဲ့ ကာလ ဘာတွေဖြစ်လာနိုင်သလဲ
Duwa Kachin
နိုင်ငံရေးသုတေသီများ သုတေသနလုပ်ထားသော စာတမ်းများအရ ဥပဒေစိုးမိုးရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၏ အထိရောက်ဆုံး နိုင်ငံရေးလမ်းစဉ်မှာ ဗဟိုချုပ်ကိုင်မှုစနစ်လျှော့ချရေး (Decentralization) ပင်ဖြစ်သည် ဆိုတာပါပဲ။ (http://unpan1.un.org/intradoc/groups/public/documents/un/unpan021964.pdf)

ဗဟိုချုပ်ကိုင်မှုစနစ်ဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေလို အထက်မှ အောက်ကို အာဏာပိုင်အဆင့်ဆင့် ခန့်ထားနိုင်သောစနစ် ဖြစ်သည်။ ဥပမာဆိုရသော်၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ၀န်ကြီးများကို သမ္မတက တိုက်ရိုက် သူ့စိတ်ကြိုက်လူကို ရွေးချယ်ပိုင်ခွင့် ပြုထားခြင်းပင်ဖြစ်သည်။

ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချသောနည်းစနစ် သာဓကမှာ အောက်ခြေ (မြို့နယ်မှူးအဆင့်) မှ အစ ဒေသခံပြည်သူများ တိုက်ရိုက် ရွေးချယ်ခန့်ထားပြီး အထက်ကို အဆင့်ဆင့် ရွေးချယ်တင်မြောက်ခြင်းဖြစ်သည်။ ဒီထက်ပိုအဆင့်မြင့်တာကတော့ ဖယ်ဒရယ်မူဖြစ်သည်။ ပြည်နယ်နှင့် တိုင်းအလိုက် ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်ဖြစ်သည်။

အထက် (ဗဟို) မှ အောက်အဆင့်ဆင့် အာဏာပိုင်များကို ခန့်ထားသောစနစ် (Top-down system) တွင် ဖြစ်တတ်သော အလေ့အထများမှာ၊ ဒေသခံ ပြည်သူများနှင့် နေ့စဉ်နေ့တိုင်း ထိတွေ့နေရမည့် အာဏာပိုင်အဖွဲ့အစည်းများသည် သူတို့အုပ်ချုပ်နေသော ဒေသခံ ပြည်သူများကို ကိုယ်စားမပြုတော့ဘဲ အထက်လူကြီးများကိုသာ ကိုယ်စားပြုရတော့သည်။ ထိုအခါ အထက်မှ ညွန်ကြားချက်ကလွဲပြီး သူအုပ်ချုပ်နေသော ဒေသခံ (နယ်ခံ) ပြည်သူများအရေး ဂရုစိုက်စရာ မလိုတော့ပါ။ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင်သော်လည်းကောင်း၊ အထက်လူကြီးများကို ကပ်ဖားထားရင်သော်လည်းကောင်း သူ့အတွက် စားဝတ်နေရေး ဖူလုံနေပြီဖြစ်သည်။

“ခိုင်မာသော ပြည်သူ့အစိုးရ (ဗဟိုချုပ်ကိုင်မှုစနစ်လျှော့ချသောအစိုးရ) အစစ်အမှန် မပေါ်သေးခင် ဒီလိုအချိန်မှာ Sanction အားလုံး ပွင့်သွားခြင်းသည် မမျှော်လင့်သော နောက်ထပ် အိပ်မက်ဆိုးများ ထပ်ရောက်လာနိုင်စရာရှိသည်။ အင်မတန် စိုးရိမ်စရာကောင်းပါသည်။ သာဓကအားဖြင့် Cambodia နိုင်ငံ၏ နိုင်ငံရေးသမိုင်းကို လေ့လာနိုင်သည်။ မြန်မာနိုင်ငံလိုပဲ ဗဟိုချုပ်ကိုမှုစနစ်လျှော့ချခြင်း မရှိသေးခင် အနောက်နိုင်ငံများက ကွန်မြူနစ်စနစ်မှ အမြန်ဆုံး ကယ်တင်သောအနေဖြင့် စီးပွားရေး အမြန်ဦးမော့လာနိုင်ရန် ၀ိုင်းဝန်းကူညီခဲ့သည်။ အနောက်နိုင်ငံများမှ ငွေရှင်ကြေးရှင်များကို ဖိတ်ခေါ်ခဲ့သည်။ နောက်တော့ အဲဒီ သူတို့ မျှော်လင့်တဲ့ သိက္ခာရှိ ကော်ပိုရေးရှင်းကြီးတွေက မလာဘဲ အာရှကျားအုပ်စုတွေက အပေါစား၊ လောဘသား ငွေရှင် ကြေးရှင်များနှင့် အာဏာပိုင်များ ပေါင်းစားသွားပြီး အခုလို ဒီမိုကရေစီအာဏာရှင်စနစ်နှင့် စခန်းသွားနေရသည်မှာ ကမ္ဘာမှာ ၀န်ကြီးချုပ်သက်တမ်း အရှည်ကြာဆုံးဘွဲ့ကို ခံယူထားသော ၀န်ကြီးချုပ်ကြီး Hun Sen အစိုးရကို မွေးထုတ်လိုက်သည်သာ ဆယ်စုနှစ်သုံးခုပင် ရောက်လာတော့မည်။ Sanction မရှိလည်း Cambodia ပြည်သူတွေ အခုထိ ငမွဲစာရင်းမှ မကျွတ်နိုင်သေးပေ။”
ဒီလိုအခြေအနေမှာ ဥပဒေစိုးမိုးရေး အစစ်အမှန် မရနိုင်တော့ပါ။ အကျင့်ပျက်ခြစားမှု သံသရာ တ၀ဲလည်လည် ဖြစ်နေမှာသာဖြစ်သည်။

ဥပဒေစိုးမိုးရေး မရှိသေးတဲ့အချိန်မှာ ... Sanction လုံးဝ ရုပ်သိမ်းလိုက်ပြီ ဆိုပါစို့ ...

ဂုဏ်သိက္ခာ အင်မတန်ထိန်းတဲ့ လုပ်ငန်းရှင်ကြီးများနှင့် အနောက်နိုင်ငံသားတွေက Sanction မရှိလည်း အစိုးရရဲ့ စီမံခန့်ခွဲမှု မမှန်ကန်ရင် လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါ။

အများဆုံး ရောက်လာမှာက အာရှတလွှားက တရုတ်လုပ်ငန်းရှင် အပေါစားတွေဖြစ်သည်။ သူတို့က အနောက်နိုင်ငံကို ရောင်းလို့စွန်မဲ့ ပစ္စည်းမှန်သမျှ မြန်မာနိုင်ငံမှာ လာလုပ်မည်။ အလုပ်ရတဲ့ လူတွေလည်း ရမှာတော့ သေချာသည်။ သို့သော် ...

အစိုးရပိုင်းမှာ အကျင့်ပျက်ခြစားနိုင်တဲ့ စနစ်က ရှိနေတော့ အဲဒီ သိက္ခာထိန်းစရာမလိုတဲ့ အပေါစား သူဌေးတွေက အစိုးရ၀န်ထမ်းတွေကို ပျက်စီးအောင်လုပ်တော့မှာ ဖြစ်သည်။

အပြိုင်အဆိုင် ဖြစ်လာတာနှင့်အမျှ သူ့ထက်သာအောင် သက်ဆိုင်တဲ့ ၀န်ထမ်းအကြီးအကဲတွေကို ကန်တော့မယ်။ သူတို့က အဆင့်ဆင့် ကိုယ့်နေရာ တည်မြဲဖို့ အထက်လူကြီးတွေကို ထပ်ကန်တော့မယ်။ အပေါ်ဆုံးက ၀န်ကြီးတွေကို ထပ်ကန်တော့မယ်။ အဲဒီဝန်ကြီးတွေကလည်း သူတို့ကို နေရာပေးထားတဲ့ ဆရာကြီးအဆင့်ဆင့်ကို ထပ်ကန်တော့မယ်ဆိုရင်တော့ ထိပ်ဆုံးက အုပ်စုတွေ မဆင်းချင်တော့ပါ။

အခုရှိနေတဲ့ သမ္မတက အဲလိုပုဂ္ဂိုလ်မဟုတ်ဘူးထား ... နောက်လူကို ဘယ်သူအာမခံမလဲ ... ထိပ်ဆုံးက လူကြီးတွေ သဘောကောင်းတယ် ဆိုဦးတာ့ အောက်က စားပျော်နေတဲ့ တပည့်တွေက အမျိုးမျိုး မြှောက်ပင့်ပေးပြီး သူတို့ဆရာကြီးများ မဆင်းရလေအောင် ကြံဖန်ပေးတော့မည်။ ဒီတော့ ထပ်ခံလိုက်ဦး ...။

ဒါကြောင့် အောက်ခြေက အဆင့်ဆင့် ရွေးကောက်ပြီးတက်လာတဲ့ အာဏာပိုင်စနစ် (Decentralization) လိုအပ်တယ်လို့ ပြောရတာပါ။ အခု ရွေးကောက်ထားတဲ့ အမတ်အားလုံးက သူတို့ရဲ့မဲဆန္ဒနယ်မှာ ဒေသခံ အာဏာပိုင်တွေ မဟုတ်ပါ။

ဗဟိုချုပ်ကိုင်မှုစနစ်မှာ အထိအနာဆုံးဖြစ်ရမှာက စက်မှုဇုန် မြေနေရာသိမ်းမှု၊ ဗဟိုအစိုးရ၀န်ကြီးတွေရဲ့ ပါမစ်နှင့် နိုင်ငံခြားစိုက်ပျိုးရေးကုမ္ပဏီကြီးတွေအတွက် စိုက်ပျိုးမြေဧက သိန်းနဲ့ချီတဲ့ လယ်ယာမြေ အတင်းအဓမ္ဓ သိမ်းပွဲများ ဖြစ်လာမည်။ ဒေသခံ ပြည်သူများရဲ့ ကျန်းမာရေး၊ လူမှုရေးနှင့် ဆန့်ကျင်သော လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ နေရာတကာ ပေါ်ပေါက်လာမည်။ အဲဒီ ကုမ္ပဏီကြီးတွေကလည်း လူသူမပေါက်၊ လမ်းမကောင်းတဲ့ မြေနေရာတွေ ကြိုက်မှာ မဟုတ်လေတော့ လူသွားလူလာများတဲ့ မြို့ဝန်းကျင်ဒေသများမှ သူများလုပ်နေရင်း တန်းလန်းလက်ငုတ် မြေကျက်တွေကို လိုချင်လာမည်။ သက်ဆိုင်ရာဌာနတွေက မြေလွတ်မြေရိုင်းဆိုပြီး သိမ်းပြီးပြန်ရောင်းမည်။ ဒေသခံအာဏာပိုင်များကလည်း ဘာမှ ပြောပိုင်ခွင့်မရှိ။ ပိုဆိုးတာက၊ အောက်ခြေက တက်လာတဲ့ ဌာနေ အာဏာပိုင် စနစ်မဟုတ်တဲ့အတွက် အထက်လူကြီးအဆင့်ဆင့်ရဲ့ အထက်အမိန့်နဲ့ ပိုက်ဆံကလွဲလို့ ဂရုစိုက်စရာမလိုတဲ့ ဒေသခံ အာဏာပိုင်များရဲ့ ပြောင်ပြောင်တင်းတင်း ဆက်ဆံခြင်းကို ခံရမယ်။ ဒီတော့ ဒေသခံ ပြည်သူများ ကိုယ့်မွေးရပ်မြေမှာ မြေပိုင်၊ ယာပိုင်ဘ၀ကနေ စက်ရုံဝန်ထမ်းဘ၀ (၀ါ) ပေးသမျှယူရတဲ့ မ၀ရေစာ လုပ်ခနဲ့ တသက်လုံး ကျွန်ဘ၀ရောက်ရမဲ့ကိန်း ဖြစ်လေသည်။

ဒီတော့ ဖြစ်ပျက်ခဲ့တဲ့ စနစ်ထက် အဆပေါင်းများစွာ ထပ်ပြီး ခံရဦးမယ့် အတိတ်နမိတ်ပါ။

အောက်ခြေက အဆင့်ဆင့် ရွေးကောက်တင်မြောက်တဲ့ အာဏာပိုင်စနစ် (Bottom-Up system) မှာတော့ ဒေသခံ ပြည်သူများ၏ သဘောထားသာလျှင် အဓိက ဖြစ်လာသည်။ ပိုက်ဆံဘယ်လောက်ချမ်းသာသည် ဖြစ်စေ။ အစိုးရ အထက်ဝန်ကြီးမကလို့ သမ္မတဆီက ပါမစ်ကိုင်ပြီး ရောက်လာတဲ့ နိုင်ငံတကာပေါက် ကော်ပိုရေးရှင်းကြီးတွေ ဖြစ်နေပါစေ၊ သူတို့လုပ်ငန်းသည် ဒေသခံ (နယ်ခံ) ပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စရာ လုပ်ငန်းဆိုလျှင် အချိန်မရွေး ဖြုတ်သိမ်းရလေပြီ။ (ထိုင်းနိုင်ငံ Rayong ဒေသမှာ ဒေသခံများ ဆန္ဒပြမှုကြောင့် စက်မှုဇုန်များ ဖြုတ်သိမ်းခဲ့ရဖူးသည်)။ မြေနေရာများကိုလည်း အတင်းအဓမ္ဓ သိမ်း၍ မရတော့ပေ။ နယ်ခံပြည်သူများ ရွေးကောက်တင်မြောက်ထားသော အာဏာပိုင်များမှာလည်း ဒေသခံ ပြည်သူများကို ကိုယ်စားပြုသောကြောင့် လိုက်လျောညီထွေမှု ရှိနေရန် လိုလာပြီဖြစ်သည်။ ထိုအခါ၊ ကိုယ်ကျိုးစီပွားအတွက် ထင်တိုင်းကျဲလို့ မရတော့ပါ။ အဲဒါတွေပင် အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ခြင်းနည်းဗျူဟာ ဖြစ်သည်။ အကျင့်ပျက်ခြစားမှု လုံးဝ မရှိမှာတော့မဟုတ်၊ နည်းသည်ထက် နည်းသွားမည်မှာ အမှန်ဖြစ်သည်။ ပြည်သူများ၏ စောင့်ကြည့်ခြင်းခွန်အားသည်၊ အစိုးရကောင်း ဖြစ်လာအောင် တွန်းပို့သော အဓိက အပြန်အလှန်ထိန်းညှိနိုင်သော (Check & Balance) စနစ်၏ အကျိုးသက်ရောက်မှုဖြစ်သည်။

ခိုင်မာသော ပြည်သူ့အစိုးရ (ဗဟိုချုပ်ကိုင်မှုစနစ်လျှော့ချသောအစိုးရ) အစစ်အမှန် မပေါ်သေးခင် ဒီလိုအချိန်မှာ Sanction အားလုံး ပွင့်သွားခြင်းသည် မမျှော်လင့်သော နောက်ထပ် အိပ်မက်ဆိုးများ ထပ်ရောက်လာနိုင်စရာရှိသည်။ အင်မတန် စိုးရိမ်စရာကောင်းပါသည်။ သာဓကအားဖြင့် Cambodia နိုင်ငံ၏ နိုင်ငံရေးသမိုင်းကို လေ့လာနိုင်သည်။ မြန်မာနိုင်ငံလိုပဲ ဗဟိုချုပ်ကိုမှုစနစ်လျှော့ချခြင်း မရှိသေးခင် အနောက်နိုင်ငံများက ကွန်မြူနစ်စနစ်မှ အမြန်ဆုံး ကယ်တင်သောအနေဖြင့် စီးပွားရေး အမြန်ဦးမော့လာနိုင်ရန် ၀ိုင်းဝန်းကူညီခဲ့သည်။ အနောက်နိုင်ငံများမှ ငွေရှင်ကြေးရှင်များကို ဖိတ်ခေါ်ခဲ့သည်။ နောက်တော့ အဲဒီ သူတို့ မျှော်လင့်တဲ့ သိက္ခာရှိ ကော်ပိုရေးရှင်းကြီးတွေက မလာဘဲ အာရှကျားအုပ်စုတွေက အပေါစား၊ လောဘသား ငွေရှင် ကြေးရှင်များနှင့် အာဏာပိုင်များ ပေါင်းစားသွားပြီး အခုလို ဒီမိုကရေစီအာဏာရှင်စနစ်နှင့် စခန်းသွားနေရသည်မှာ ကမ္ဘာမှာ ၀န်ကြီးချုပ်သက်တမ်း အရှည်ကြာဆုံးဘွဲ့ကို ခံယူထားသော ၀န်ကြီးချုပ်ကြီး Hun Sen အစိုးရကို မွေးထုတ်လိုက်သည်သာ ဆယ်စုနှစ်သုံးခုပင် ရောက်လာတော့မည်။ Sanction မရှိလည်း Cambodia ပြည်သူတွေ အခုထိ ငမွဲစာရင်းမှ မကျွတ်နိုင်သေးပေ။

ဒါကြောင့် မြန်မာပြည်သည်လည်း အဘက်ဘက်မှ စဉ်းစားချင့်ချိန်လျက် လက်ရှိအာဏာပိုင်များ၊ ၀န်ကြီးများ၏ စားပေါက်ထွင် နည်းဗျူဟာများကို နားမယောင်ဘဲ လုပ်သင့်လုပ်ထိုက်သော နိုင်ငံရေးအပြောင်းအလဲများ အရင်လုပ်နိုင်ရန် ၀ိုင်းဝန်းအကြံပေးသင့်လေသည်။

အားလုံးကို လေးစားလျက် ...
Duwa Kachin
(Duwa Kachin ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
 
Source: http://drlunswe.blogspot.com.au/

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)