Thursday, July 5, 2012

အစိုးရ၏ တောင်းဆိုမှုကြောင့် SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
  
ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်းဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။
ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က SSPP/SSA အား ယင်းတို့၏ တပ်စခန်းမှ ဆုတ်ခွာပေးရန် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်းတို့မှ နှစ်မိုင်ခန့် အကွာသို့ ဆုတ်ခွာပေးရန် ယနေ့ ဗဟိုကော်မတီစည်းဝေး ကျင်းပ၍ ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။

“မနေ့က ဦးသိန်းဇော်က ကျနော်တို့တပ်တွေ ဆုတ်ပေးဖို့ မေတ္တာရပ်ခံတာကို ကျနော်တို့လည်း တဆင့်ပြန်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ တောင်းဆိုထားတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ဆက်သွယ်တဲ့ လမ်းမကနေ နည်းနည်းဝေးတဲ့ နေရာကို ဆုတ်ပေးဖို့ ကျနော်တို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

ထို့ပြင် ဦးသိန်းဇော်၏ မေတ္တာရပ်ခံချက်အတိုင်း တပ်ဆုတ်ပေးလိုက်သော်လည်း SSPP/SSA တပ်များ ဆုတ်ခွာပေး သည့် အချိန်တွင် အစိုးရတပ်များ တပ်စွဲခြင်း မပြုရန်နှင့် ဆုတ်ခွာချိန်တွင် ပစ်ခတ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

အစိုးရတပ်ဖွဲ့များ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး ကားလမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းလိုကြောင်းနှင့် ယခု တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ ထိခိုက်မှု များပြားသဖြင့် ပြန်လည် တိုက်ခိုက်သည့် အနေအထားဖြစ်သည်ဟု  ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

“သူတို့တောင်းဆိုတာက လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူးကားလမ်းပေါ် တမိုင်လောက် ဆုတ်ပေးဖို့ ပြောတယ်။ ကျနော် တို့က နှစ်မိုင်လောက် ဆုတ်ပေးမှာပါ။ ခုက မိုင်းအွန်မှာ လွိုင်ဖာဖိန့် တဝိုက်မှာရှိတဲ့ ကျနော်တို့ တပ်စခန်းငယ်နဲ့ ၇ မိုင် မှာရှိတဲ့ တပ်စခန်းတွေကနေ ခွာပေးလိုက်မယ်”ဟု သူက ဆက် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ပျက်ပယ်စေမည့် တိုက်ပွဲများ မဖြစ်ပွားလိုသဖြင့် ယင်းတို့ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်ဟု ဆက်ပြောသည်။

ယခု ဆုတ်ခွာပေးမည့် တပ်စခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ငြိမ်းချမ်းရေး စတင်ယူခဲ့စဉ်ကတည်းက SSPP/SSA အဖွဲ့များ အခြေချခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က  ဦးသိန်းဇော် နှင့် SSPP/SSA  ကိုယ်စားလှယ်များ မန္တလေးမြို့တွင် တွေ့ဆုံပြီး SSPP/ SSA ရှေ့တန်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးခဲ့ပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ရှေ့တန်း စခန်းမှ ထပ်မံ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်သည်။

SSPP/SSA ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော ဗဟိုကော်မတီ အစည်းအဝေးကို ဝမ်ဟိုင်း ဌာနချုပ် ၉ နာရီမှ မွန်လွဲပိုင်း ၁ နာရီထိ ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူး (၃) စဝ်ကျော်လှ လက်မှတ်ဖြင့် ၎င်းဆုံးဖြတ်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပို့ရန် စီစဉ်နေသည်ဟု သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီးတွင် အစိုးရဘက်မှ လက်နက်ကြီးများဖြင့်ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ကျည်အလုံးပေါင်း ၁၀၀ ကျော်ရှိသွားပြီ
ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယမန်နေ့ကလည်း တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာအနီး SSPP/SSA ၏ ခုနှစ်မိုင်တပ်စခန်းသို့ အစိုးရ၏ အရှေ့
မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ အနီးကပ် ဝင်ရောက်လာ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့်
နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရ တပ်ဘက်မှ ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု ခန့်မှန်းရပြီး SSPP/SSA ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

Source: http://www.mizzimaburmese.com/news/inside-burma/9594---ssppssa---.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)