နို့ဖိုး ဒုက္ခသည်စခန်းမှ ဆန္ဒပြပွဲမှတ်တမ်း
ဦးဏှောက်မုန်တိုင်း ဆင်ကြစို့
By မင်းစိုးစံ
အခုတလော သတင်းတွေထဲမှာ ထိုင်း ဗမာနယ်စပ်က ဒုက္ခသည်တွေကို ဗမာစစ်အစိုးရက လက်ခံမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီလိုလက်ခံရာမှာလည်း UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီအစဉ်နဲ့ဆောင်ရွက် မယ်ဆိုတာအပြင် တနှစ်အတွင်းအကောင်အထည်ဖေါ်မယ်ဆိုတာတွေပါ သိလိုက်ရပါတယ်။
အဲဒီတော့ကျုပ်တို့ တတွေဘယ်လိုပုံစံမျိုးနဲ့ ဗမာပြည်ထဲက ဒုက္ခသည်စခန်းတွေမှာ ရပ်တည်နေထိုင်ကြမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့။
ပထမဦးဆုံးအနေနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းရဲ့ RFAကို ပြောသွားတာလေး ကြည့်ကြစို့။
ကျွန်တော်တို့ကတော့ ဒုက္ခသည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် တို့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ဦးချင်း ပြန်လာတာပဲဖြစ်စေ၊ တစ်ဖွဲ့လုံး ပြန်လာတာပဲဖြစ်စေ သူတို့တွေ နေရပ်ကို ပြန်လာတာကို ကျွန်တော်တို့ဘက်က အချိန်မရွေးလက်ခံတယ်။
သူတို့နေရာ ရှိလည်း ရှိတယ်။
သူတို့က ဆန္ဒရှိတယ်ဆိုရင် သူတို့နေရာမှာပဲ သူတို့ကို သူတို့ဆန္ဒရှိတဲ့အတိုင်း နေစေမှာဖြစ်ပါတယ်။
ပထမဆုံးစကားလုံးတွေကို သုံးသပ်ကြည့်လိုက်တဲ့အခါမှာ ဗမာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အလောတကြီး
ပြန်လာစေချင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ တဦးချင်းဖြစ်ဖြစ် အဖွဲ့လိုက်ဖြစ်ဖြစ် ဆိုတဲ့စကားလုံးက ဒုက္ခ သည်တွေကို ခွဲခြားလိုက်တာဆိုတာကို သတိပြုမိပါလိမ့်မယ်။
သူတို့နေရာရှိလည်း ရှိတယ်၊ဆန္ဒရှိတဲ့အတိုင်း နေခွင့်ပြုမယ်ဆိုတာကလည်း အခွင့်အရေးပေးသယောင်ယောင်နဲ့ ဖဲ့ထုတ်ပစ်တဲ့နည်းဗျူဟာတခုဆိုတာ သိထားဘို့လိုပါတယ်။
နေရာမရှိတော့တဲ့ လူတွေအတွက်ကိုတော့ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ပြည်ထောင်စုအစိုးရရော၊ ဆိုင်ရာအဖွဲ့အ စည်းတွေနဲ့ ဒေသခံတွေနဲ့ အကုန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
နေထိုင်မဲ့ နေရာလေးတွေ မိုင်း clear လုပ်ပေးရမှာပေါ့။
ဒုတိယစကားလုံးတွေထဲမှာ နေရာမရှိတဲ့လူတွေ ဆိုတာက ဘယ်လိုလူမျိုးကိုဆိုလိုတာပါလဲ၊ နေရာရှိတဲ့လူ နဲ့ နေ
ရာမရှိတဲ့လူ ဆိုပြီး ခွဲခြားပြောဆိုတာ ဘာကြောင့်ပါလဲ။
နောက်ဆုံးမှာတော့ ကျုပ်တို့တတွေကို တစုတစည်းတည်း မထားဘူးဆိုတာကို အတိအလင်းပြောသွားခြင်းအားဖြင့် ဒုက္ခသည်တွေစုဖွဲ့မနေပဲ ပြန့်ကျဲနေလျင် သူတို့လုပ်ချင်တဲ့အတိုင်းလုပ်လို့ရအောင် သူတို့ထင်သလိုချယ်လှယ်လို့ရ
အောင် ကြိုတင်စီမံထားတာဆိုတာ သိသာပါတယ်။
ပြောစရာရှိတာက ထိုင်းနိုင်ငံထဲမှာလို ငါးပိသိပ်ငါးချဉ်သိပ် နေရတာထက်စာရင် ပိုကောင်းတယ်ပေါ့။
ပြီးတော့ လုပ်ကိုင်စားသောက်ဘို့ မြေနေရာလေးဘာလေးနဲ့ဆိုတော့ စုနေလျင် မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်တွေရှိ
ကောင်း ရှိနိုင်ပါတယ်။
ကျုပ်တို့သတိထားရမယ့်အချက်က ဒီကနေ့ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ လယ်တွေကို အဓမ္မသိမ်းနေတဲ့ အ
တွက် လယ်သမားတွေရင်ဆိုင်နေရတဲ့ ပြဿနာက အင်မတန်ကြီးမားလှပါတယ်၊ ပြီးတော့ ကိုယ့်လယ်ကိုအသိမ်း
ခံရလို့ ဆန္ဒပြတဲ့လယ်သမားတွေ ထောင်ချခံရတာ။ တရားရင်ဆိုင်နေရတာ ဒီလောက်ပွက်လောထနေတဲ့ ဥစ္စာ ကျုပ်တို့လုပ်စားဘို့ မြေနေရာတွေ စီစဉ်ပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ပေါက်တူး၊ တူရွင်း၊ ဂေါ်ပြား ပေါက်ပြား လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ ထုတ်ပေးမယ်ဆိုတာကရော၊ အလကား
မတ်တင်းပေးမယ်များ မှတ်သလား စိုက်ဘို့မျိုးစေ့၊ ဘယ်မှာလဲမြေသြဇာ၊ ဘယ်မှာလဲ လယ်ထွန်ဘို့နွား၊ လယ်ထွန်
စက်။
လယ်မလုပ်ချင်လို့ စက်ရုံတွေမှာ လုပ်မယ်ဆိုလျင် အလုပ်လုပ်နိုင်အောင် စီစဉ်ပေးမယ်ဆိုတဲ့ စကားကိုယုံသလား စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြတာကိုကြည့်လိုက်ပါ။ ဘာမျှမသေခြာဘူး၊ စိတ်ချစရာမရှိဘူး။
နေရာမရှိတဲ့လူတွေအတွက် ကာယကံရှင်တွေနဲ့ညှိနှိုင်းပြီး မိုင်းရှင်းပေးမယ်ဆိုတော့ မိုင်းက တလုံးနှစ်လုံးထဲမ
ဟုတ်၊ ဆယ်လုံး အလုံးတရာလည်းမက၊ နေရာကလည်း ကျယ်သလောက် ခြေချစရာတောင်မရှိအောင် နှစ်ဘက်
စစ်တပ်က မြေမြှုပ်မိုင်းတွေမြှုပ်ထားတာ များလွန်းပါဘိသနဲ့။ တနှစ်အတွင်း ဒီမိုင်းက တကယ်ရှင်းသွားမှာတဲ့လား။
မိုင်းရှင်းလင်းတဲ့ကိစ္စ မပြီးပြတ်မှီကာလမှာ နေရာမရှိတဲ့ ကျုပ်တို့ကို ဘယ်လိုပုံစံနဲ့ထားမှာလဲ။ မိုင်းတွေရှင်းပြီ နေလို့ရပြီဆိုပြီး နေခိုင်းလို့နေကြရတဲ့အခိုက် မြေမြှုပ်မိုင်းကြောင့် အသေအပျောက် အနာတရတွေ
ဖြစ်ခဲ့ပြီဆိုလျင် ဘယ်သူတွေက ထိထိရောက်ရောက် ဖြေရှင်းပေးမှာလဲ။
ကျုပ်တို့နေရပ်ရင်းကို ပြန်နေမယ်ဆိုပါစို့၊ ကျုပ်တို့မြေနေရာတွေမှာ ဗမာစစ်အစိုးရရဲ့ ကြက်ဆူပင်စီမံကိန်းကြောင့် ကျုပ်တို့မြေပါလို့ ပြောပြီးပြန်နေလို့ ရမယ်ထင်သလား။
ရာဘာပင်တွေစိုက်ထားတဲ့နေရာက ကျုပ်တို့ မြေနေရာဗျလို့ ပြောမလို့လား။
စက်ရုံဆောက်ထားတဲ့နေရာက ကျုပ်တို့မြေဗျလို့ပြောပြီး ပြန်တောင်းမလို့လား။
အဲဒီလိုပြဿနာတွေ ရှိနေလို့ ဒုက္ခသည်တွေကို တကွဲတပြားစီဖြစ်အောင် တမင်အကွက်ချပြီး ကြိုတင်စီစဉ်ထား တာဆိုတာ ထင်ရှားလှပါတယ်၊ တစုတစည်းတည်းရှိနေလျင် ထိန်းမနိုင် သိမ်းမရဖြစ်မယ်၊ ကမ္ဘာကိုလိန်ညာတာ
တွေ ဗူးပေါ်သလိုပေါ်မယ်။
အပေါ်ယံကြောအရတော့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအတော်များများနဲ့ ငြိမ်းချမ်းရေးအတွက် အပစ်
အခတ်ရပ်ဆိုင်းတာလား ရပ်စဲတာလားဆိုတာကလည်း မစားရ ၀ခမန်းဖြစ်နေ၊ ထိုင်းနိုင်ငံရဲ့သဘောထားကလည်း နားလည်ရခက်လာ၊ နှစ်တွေကြာလာတာနဲ့အမျှ အလှူရှင်တွေကလည်း နည်းနည်းလေးလက်တွန့်စ ပြုလာပြီဆို
တော့ မပြန်မဖြစ်လို့ပြန်ရမယ်ဆိုပါစို့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်တယ်ဆိုတာ ဘ၀တူအချင်းချင်း ခေါင်းခြင်း
ဆိုင်ပြီး ၀ိုင်းဝန်းဖြေရှင်းကြမှာလား၊ တဦးချင်းထွက်ပေါက်ရှာကြမှာလား၊ အဲဒါကို ကျုပ်တို့အသေအခြာ စဉ်းစားကြ
ဘို့လိုပါတယ်။
ကျုပ်တို့ကို လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခု ကနေ မေးခွန်းတခုမေးပြီး စစ် တမ်းတခုကောက်ခိုင်းတာ ရှိခဲ့ဘူးပါတယ်။ မေးခွန်းက ဘာလဲဆိုတော့
မနက်ဖြန်မှာ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပြန်ရမယ်ဆိုလျင် ခင်ဗျားတို့ ဘာလုပ်ကြမလဲ ဆိုတဲ့အမေး ဖြစ်ပါတယ်။
အဲဒီတုန်းက ဒီကေဘီအေ က ကျုပ်တို့ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်မြောက် မီးရှို့ပြီးသွားတဲ့အချိန်ပေါ့၊ ဒုတိ
ယအကြိမ်မှာ လူတွေသေကြတယ်လေ၊ အားလုံးက ခြောက်ခြားနေကြသလို တယောက်မျက်နှာတယောက်ကြည့်
ပြီး ငိုရမလား ရယ်(ရီ)ရမလား ဆိုတာထက် ငိုပြနေတာလား ရယ်(ရီ)ပြနေတာလား ဆိုတာကို ဝေခွဲလို့မရနိုင်အောင်
ဖြစ်နေရတဲ့အချိန်ပေါ့။
ဒီကေဘီအေ ကလည်း မင်းတို့ပြန်လာခဲ့ကြ မင်းတို့အတွက် နေစရာထိုင်စရာတွေမပူနဲ့၊ ပြန်မလာလျင်တော့ အ
တင်းခေါ်မှာပဲဆိုတာတွေ ပြောလာတဲ့အချိန်။
ကံကောင်းတာက ထိုင်းနယ်ခြားစောင့်အရာရှိတယောက်က ဒုက္ခသည်တွေရဲ့ ဆန္ဒမပါပဲ အတင်းအကြတ်ပြန်ပို့တာ
မျိုး ကျုပ်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာပြောလိုက်သဗျ။
အဲဒီတော့ ဗမာစစ်အစိုးရရဲ့လှည့်ကွက် ယုတ်မာရက်စက်ပုံ ကလိန်ကကျစ်နဲ့ကောက်ကျစ်စဉ်းလဲပုံတွေကို သိတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းအားဖြင့် အသံသုံးမျိုးထွက်လာပါရော။
အဲဒါတွေက
၁- မပြန်ဘူး ထိုင်းနိုင်ငံထဲမှာပဲ ရရာအလုပ်လုပ်ပြီး နေသွားမယ်။
၂- သူများနေလျင်နေမယ် သူများပြန်လျင်ပြန်မယ်။
၃- မပြန်ဘူး မလွှဲသာ မရှောင်သာလို့ ပြန်ရမယ်ဆိုလျင် ငါတို့အတွက်လိုအပ်တဲ့ အချက်တွေရမှ ပြန်မယ်။ အဲဒီလိုကွဲသွားပါတော့တယ်။
ကဲအခုတော့ အခြေအနေက လွန်ခဲ့တဲ့ ၁၅နှစ်က အစမ်းသဘောနဲ့ စစ်တမ်းကောက်ခဲ့တာကို လက်တွေ့အကောင်
အထည်ဖေါ်ရတော့မယ့် အနေအထားကို ရောက်လာပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ။ ခေါင်းတလုံးထဲနဲ့ကတော့ ဘာမျှထူးခြားလာမှာမဟုတ်ပေမယ့် ကျုပ်တို့အယောက်စီ
တိုင်းမှာ ရှိနေတဲ့ ခေါင်းတွေပေါင်းပြီး ဦးဏှောက်မုန်တိုင်း ဆင်ကြပါစို့လို့ တိုက်တွန်းရင်း..........။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments:
Post a Comment