Tuesday, October 9, 2012

ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို

9 Oct, 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိုမဖြစ်မနေဖော်ဆောင်သွားမည်ဟုပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့် ဦးသိန်းဇော်က ပြောကြားလိုက်သည်။ အောက်တိုဘာ (၆)ရက် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ပြောတယ် ၊ လွှတ်တော်အတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြတယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်ဆိုတာတော့ မပြောသွားဘူးဟု ဦးသိန်းဇော်၏ ပြောကြားချက်ကို ကိုယ်တိုင်နားထောင်ခဲ့သည့် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက   ပြန်လည်ပြောပြသည်။
ဦးသိန်းဇော်က ယခုလိုပြောကြားခဲ့သော်လည်း ကချင်ပြည်နယ်ငြိမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုအကြား မီဒီယာများမှတဆင့် တစ်ဖက်နှင့်တစ်ဖက်ပြစ်တင်ပြောဆိုနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံနှင့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ရှိပါတီစုံနှင့် အလွှာအသီးသီးမှ လူထုများ တက်ရောက်ခဲ့ကာ လူထု၏ မေးမြန်းချက်များကိုလည်း ဦးသိန်းဇော်မှ ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါ်ဘောက်ဂျာထံက သိရသည်။

မည်သူမဆို စိတ်ဝင်စားသူတိုင်း ဒီတွေ့ဆုံပွဲကို လာတက်လို့ ရတယ်။လူထုကလည်း သူတို့သိချင်တာလေးတွေကို မေးမြန်းခဲ့တယ်။  ကချင်ပြည်နယ် အစိုးရကလည်း လူထုတွေ့ဆုံပွဲကို တစ်လတစ်ခါလုပ်ပါတယ် ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည့် ဦးသိန်းဇော်ကနယ်မြေလုံခြုံရေးအရ ခေတ္တပြောင်းရွှေ့လာသော ကချင်ပြည်သူများအတွက်ဆန်အိတ်(၁၀၀) လှူဒါန်းသည်ကိုလည်း လက်ခံခဲ့သည်ဟု ဒေါ်ဘောက်ဂျာကဆိုသည်။

ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် လုံခင်း ကျေးရွာအနီးတွင်   နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ အစိုးရစစ်တပ်နှင့်ကေအိုင်အေလက်နက်ကိုင်အဖွဲ့များ အကြား စစ်ပွဲများဆက်လက်ဖြစ် ပွားလျက်ရှိပြီး ယခုနှစ်အစောပိုင်းကရွှေလီတွင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်း၌ ထပ်မံဆွေးနွေးမှုများမရှိတော့ပေ။
 Source: http://myitmakhamediagroup.com/detail.php?newid=2776

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)