မြန်မာအစိုးရက လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကပင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အနောက်နိုင်ငံများသို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းလေးထောင် ကျော်ကို ဂျပန်နိုင်ငံရှိ JBIC (Japan Bank for International Cooperation) ဘဏ်မှ ပေါင်းကူးချေးငွေ ရယူ၍ တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်သွားမည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံက
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်
ပေးဆပ်ရမည့် ချေးငွေမှာ တိုးရင်းပေါင်း အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၁၀၇
သန်းဖြစ်ပြီး ပေးဆပ်ရန် ရက်မစေ့သေးသည့် ချေးငွေမှာ အမေရိကန်ဒေါ်လာ ၂၀၃ ဒသမ
၅၅၀ သန်း ရှိကြောင်း၊ ကမ္ဘာ့ဘဏ်သို့ ၂၀၁၃ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်
ပေးဆပ်ရမည့် ချေးငွေမှာ တိုးရင်းပေါင်း အမေရိကန်ဒေါ်လာ ၄၂၀ ဒသမ ၀၈၁
သန်းဖြစ်ပြီး ပေးဆပ်ရန် ရက်မစေ့သေးသည့် ချေးငွေမှာ အမေရိကန်ဒေါ်လာ ၄၆၃ ဒသမ
၃၉၄ သန်းရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ ချေးငွေများ
ပြန်လည်ပေးဆပ်ရာတွင် ပထမဆုံး ဂျပန်နိုင်ငံ JBIC ဘဏ်ထံမှ ပေါင်းကူးချေးငွေ
ရယူ၍ ပြန်လည်ပေးဆပ်မည် ဖြစ်ပြီး အဆိုပါ ပေါင်းကူးချေးငွေကို
ထပ်မံပေးဆပ်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မူဝါဒများ ပြောင်းလဲရာတွင်
ကူညီလေ့ရှိသည့် အာရှဖွံ့ဖြိုးရေးဘဏ်မှ PBL (Policy Based Loan) နှင့်
ကမ္ဘာ့ဘဏ်မှ DPO (Development Policy Operation) တို့ကို
ချေးယူသုံးစွဲမည်ဖြစ်သည်။ အထက်ပါ ကြွေးမြီများ ပေးဆပ်ရာတွင် ချေးငွေဆိုင်ရာ
အထွေထွေစည်းကမ်းချက်များ ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယင်းတွင်
PPL မှ ချေးငွေကို ၂၄ နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ပထမရှစ်နှစ်မှာ
ဆိုင်းငံ့ကာလ ဖြစ်သည်။ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တွက်ချက်ကာ ကျန် ၁၆
နှစ်တွင်မူ ငွေပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ဒသမ ၅
ရာခိုင်နှုန်း ဖြစ်သည်။ DPO မှ ချေးငွေကို နှစ် ၄၀ အတွင်း
ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ပထမ ၁၀ နှစ်မှာ ဆိုင်းငံ့ကာလဖြစ်ကာ ကျန်နှစ် ၃၀
တွင် ပြန်ဆပ်ရမည် ဖြစ်သည်။ အတိုးနှုန်းမှာ ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်သည်။
အဆိုပါ ငွေများ ပြန်လည်ပေးဆပ်ရာတွင် ငွေလဲနှုန်းပေါ် မူတည်ကာ အနည်းငယ်
အပြောင်းအလဲရှိသည်။ အနောက်နိုင်ငံများသို့ ပေးဆပ်ရမည့်ငွေ အမေရိကန်ဒေါ်လာာ
၃၅၃၀ ဒသမ ၈ သန်းကိုလည်း အထက်ပါ အစီအစဉ်အတိုင်း ပေးဆပ်မည်ဖြစ်ကြောင်း
သဝဏ်လွှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံက ချေးငွေရယူထားသည့် Paris Club
အဖွဲ့ဝင် ၁၀ နိုင်ငံမှာ ဒိန်းမတ်၊ ဂျာမနီ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အီတလီ၊
နယ်သာလန်၊ နော်ဝေ၊ သြစတြီးယား၊ ဗြိတိန်တို့ ဖြစ်သည်။ ယင်းသို့
ပေးဆပ်ခြင်းဖြင့် နိုင်ငံတိုးတက်ရေးအတွက် ပြည်သူများ လိုအပ်သည့် နိုင်ငံတကာ
ထောက်ပံ့ငွေများ ရရှိလာပြီး နိုင်ငံတကာမှ မြန်မာနိုင်ငံကို တာဝန်သိ
နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံရမည်ဖြစ်ရာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ
ဥပဒေပုဒ်မ ၆၁(က)အရ အရေးယူ ဆောင်ရွက်ပေးပါရန် လွှတ်တော်သို့ သဝဏ်လွှာ
ပေးပို့ခြင်းဖြစ်သည်။ လတ်တလောတွင် ကမ္ဘာ့ဘဏ်နှင့် ADB တို့က
မြန်မာနိုင်ငံတွင် စီမံကိန်း အသေးစားများနှင့် အကူအညီများ
ပေးအပ်လျက်ရှိပြီး ကြွေးမြီများ ပေးဆပ်အပြီး အမေရိကန် ပြည်ထောင်စု၏
အရေးယူပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းပြီးချိန်တွင်မူ အခြားချေးငွေများ၊
စီမံကိန်းကြီးများ ထပ်မံရရှိလာမည်ဖြစ်ရာ မြန်မာနိုင်ငံမှ နိုင်ငံတကာ
ကြွေးမြီများကို အမြန်ဆုံး ပြန်လည် ပေးဆပ်ခြင်းဖြင့် အကျိုးများစွာရှိမည်
ဖြစ်ကြောင်း နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများအား
စောင့်ကြည့်လေ့လာနေသည့် BIC (Bank Information Center) မှ မြန်မာနိုင်ငံ
ကိုယ်စားလှယ် Mr.Shiro က နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ ADB နှင့် ကမ္ဘာ့ဘဏ်မှ
ကြွေးမြီများကို ၁၉၇၃-၇၄ ဘဏ္ဍာရေးနှစ်တွင် စတင်ချေးယူခဲ့ပြီး Pairs Club
အဖွဲ့ဝင် ၁၀ နိုင်ငံမှ ချေးငွေများကို ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ
ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် The Voice
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=27816
Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=27816
No comments:
Post a Comment