Saturday, December 29, 2012

KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားလာ

နေမျိုး | သောကြာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။   ။ အစိုးရတပ်များဘက်မှ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် သောကြာနေ့ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်နှင့် ၇မိုင်ခန့်အကွာလဂျားယန်ဒေသသို့ မြေပြင်ထိုး စစ် စတင်လာနေကြောင်း KIO ၏ မဟာမိတ် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေး က ပြောသည်။
“နောက်ဆုံး အခြေအနေက အခု ရင်ဆိုင်တိုက်ပွဲ ချနေကြပြီ။ လဂျားယန်မှာ။ ဟိုတနေ့က ဖြစ်သွားတဲ့ နေရာပါပဲ။ တက်လာတယ် သူတို့ ၃ ရင်းလောက် ပါမယ်ထင်တယ်။ ၆ နာရီခွဲ လောက်က စဖြစ်တာပဲ။ KIA နဲ့ ကျောင်းသား တပ်မတော် ပူးတွဲတိုက်နေကြတယ်။ ကျနော်တို့က ခုခံစစ်။ သူတို့ကတော့ အတင်းထိုးလာတာ။ သူတို့ကတော့ လိုင်ဇာဒေသကို သိမ်းယူမယ့်ပုံမျိုး လုပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

KIO ရှေ့တန်းစခန်းကြီးတခု ဖြစ်သည့် အဆိုပါ လဂျားယန်သို့ အစိုးရဘက်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီး ပါတ်ဝန်းကျင် ရွာများနှင့် KIA တပ်စခန်းကုန်းများအား ဗုံးကျဲ တိုက်ခိုက်နေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီမနက် ဗုံးကြဲတယ်။ တိုက်လေယာဉ် ၅ စင်း၊ ရဟတ်ယာဉ် ၂ စင်း။ အပေါ်ကနေ သူတို့ ဒုံးတွေနဲ့ ပစ်ပြီးမှ၊ စက်သေနတ်နဲ့ ပစ်တယ်။ ရှရှားလုပ် တိုက်ရဟတ်ယာဉ်က ဒုံးတွေပါတယ်။ လဂျားယန်ရွာ၊ နောက် ထိုင်ထားတဲ့ ကုန်းတွေကို အဓိကထားပြီး ပစ်တယ်။ ကျဲတယ်။ ဝက်တွေ၊ ကြက်တွေတော့ သေကြတယ်။ ဒီဘက်က ထိခိုက်တာ မရှိသေးပါဘူး။ သူတို့ တက်လာတယ်ဆိုတော့ စောင့်ပြီးတော့ ပစ်တာပေါ့။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ် တယ်။ တက်လာတာကို ပစ်တာပဲရှိတယ်” ဟု ဗိုလ်မှူး မင်းဌေး က ပြောသည်။

မနက်ပိုင်းက ပျံသန်းတိုက်ခိုက်လာသည့် အစိုးရ တိုက်လေယာဉ်တစင်းသည် တရုတ်နိုင်ငံ ဘက်အခြမ်းသို့ ကိုက် ၅ဝဝ ခန့် နယ်ကျွံဝင်ရောက် ပျံသန်းသွားသော်လည်း တရုတ် အာဏာပိုင်များဘက်မှ တစုံတရာ တုန့်ပြန်မှု မကြားသိရသေးကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

“ဘာမှ ထူးထူးခြားခြား ပြင်ဆင်စရာမလိုပါဘူး။ ခြေလျင်နဲ့ တက်လာရင်တော့ ကိစ္စမရှိဘူး။ အခု လေကြောင်းကနေ ပစ်ခတ်တာမျိုး၊ ၁ဝ မိုင်ကျော်ကျော်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဆိုတော့ တဘက်စောင်းနင်း ဖြစ်တာပေါ့ ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် တိုက်ပွဲများ ဖြစ်ပွားပုံနှင့် လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြား စုံစမ်း၍ အတည်ပြုချက် မရယူနိုင်သေးပေ။

ဒေသခံကျေးရွာများမှ ရွာသူ၊ ရွာသားများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ကြာသပတေးနေ့က မန်ကွေးကျေးရွာမှ ဖရဲခြံတွင် ရှိနေသော ရွာသား လေးဦး ထိမှန်ပြီး တဦးမှာ နေရာတွင် သေဆုံးကာ သုံးဦးမှာ ဒဏ်ရာရရှိ သွားခဲ့ကြောင်း လိုင်ဇာ ကျန်းမာရေးမှူးတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။

E-mail ဖြင့်ပေးပို့လာသူ ကိုအောင်နိုင် (JACDB) အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)