Sunday, January 20, 2013

မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း (ကဗျာ)

20/01/2013
မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း (ကဗျာ)
(လင်္ကာဒီပ)
တစ်ဘူတာလည်း..ဒါ
နှစ်ဘူတာလည်း….ဒါ
ဗျူဟာမမြောက်တဲ့ သမိုင်းမျိုး
ရိုက်ချိုး ထိုးဖောက်အသစ်ထွင်
အမြင်ရှင် အသွင်ရှင်း
ဆောင်ကျဉ်းလာခဲ့တယ် ကမ္ဘာသစ်
နွံမနစ် ရွှေကြာများ ပွင့်လာလှည့်ပါ။
တရုတ်ကြောက် လူလိမ်ငသွမ်း
ငြိမ်းချမ်းရေး စကားပျက်လုံး
ခပ်တုံးတုံး ကိုယ်တော်တွေက
မစခင်ကတည်းက ပေါက်သင်ညိုတံဆိပ်
ခေါင်းငြိမ့်ပြီးသားတွေဆိုပဲ
တကတည်း တတ်နိုင်လွန်းပါသလေ
ပိုင်းလုံးတွေဆုံတဲ့ညက
ယမကာတွေနဲ့ ရီဝေထွေပျော်
တော်လှန်ရေးကိုတောင် သိက္ခာချခဲ့တယ်။
မီးစတဖက် ရေမှုတ်တဖက်လမ်း
ငြိမ်းချမ်းရေးလား ထိန်းချုပ်ရေးလား
နားလှည့် ပါးရိုက်လုပ်မနေနဲ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်
တရက်တောင် အရွေ့မခံချင်ပါဘူး။
အခြေခံလူထုရဲ့ ငိုကြွေးသံများ
မကြားမိလိုက်တာလား
မကြားဟန်ပြုခဲ့တာလား
ပိုင်းလုံးနထိုင်း(နားထိုင်း)လိုကြွက်ချေး
မြေခွေးကိုမှ ပထွေးတော်ချင်သကိုး
တမျိုးသားလုံးကို မထောက်ညှာ
သူ့တွက်သာလျှင် ကြည့်တဲ့လူစား။
လာလမ်းကိုလည်း မမေ့နဲ့
အတိတ်ရဲ့အရိပ်မည်း သုဿန်တစ
မောလျတဲ့ဘဝတွေကိုလည်း သတိရ
အရာရာကို အခြေခံလူတန်းစား
ဘဝများနဲ့ တွက်ဆဆင်ခြင်
မူ(၄)ပင်လျင်ကိုင်စွဲယူ
တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်
ဆက်လက်တိုက်ပွဲဝင်ရမယ်။
ဘာဖြစ်ရမှ ဘာလုပ်ပေးမယ်ဆိုတဲ့
ညံ့ဖျင်းတဲ့အတွေးအခေါ်
အမြှော်အမြှင်တွေ မရှိဘူး
ထူးကဲတဲ့ အရည်အချင်း
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး
ပြီးစလွယ် ဖြစ်စလွယ်
မဖွယ်မရာ စိတ်ထားလည်း မမွေးသင့်
အမျိုးတင့် တန်ခိုးရင့်မယ့်
မြင့်မြတ်တဲ့ စိတ်အဆင့်ရှိသူမို့
သင့်ကို…ကျွန်ုပ်တို့ပြည်သူတွေ
ဘဝတွေပုံအပ် ရွေးချယ်ကြိုဆိုလက်ကမ်း
လမ်းကောင်းရှိရာခေါ်ဆောင်ကာ သွားလှည့်ပါတော့။
နိုဝင်လာ ၂၇၊ ၂၀၁၂

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)