Monday, January 21, 2013

အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိုးဖာက်ရာရောက်



Sunday, January 20, 2013


အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိုးဖာက်ရာရောက်
ဟင်္သာနီ (မဇ္ဈိမ)၊ သောကြာနေ့၊ ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်၊ ၁၇ နာရီ ၄၅ မိနစ်

လိုင်ဇာမြို့ လူနေရပ်ကွက်များအတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်းသည် စစ်ဥပဒေချိုးဖောက်ရာရောက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ကြေညာချက်ထုတ် ဝေဖန်ခဲ့သည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ၁၅၀ မမ တာဝေပစ် ဟော်ဝစ်ဇာအမြောက် လက်နက်ကြီးကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး၊ အသက် ၄၆ နှစ် စစ်ပြေးဒုက္ခသည် ယောက်ျားတဦးနှင့် ၁၄ နှစ်သား ယောက်ျားလေးတဦးတို့ သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာရခဲ့သည့်အပေါ် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ဥပဒေတွေမှာတော့ စစ်ဆင်ရေးမှာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မယ့်နေရာ အတိအကျကို ဒီဂရီ အသေအချာ ချိန်ပြီးမှ ပစ်ရပါတယ်။ ပြည်သူလူထု ထိခိုက်မှု လုံးဝမရှိစေတဲ့ ပစ်ခတ်မှုပုံစံမျိုးနဲ့ ပစ်ရပါတယ်။ အစောပိုင်းမှာတော့ အစိုးရဘက်က ဒီလိုပစ်ခတ်မှုဟာ သူတို့ပစ်ခတ်မှု မဟုတ်ပါဘူးလို့ ထုတ်ဖော်ငြင်းဆိုခဲ့တာလည်း ရှိပါတယ်။ ဒါဟာ အစိုးရဘက်က စစ်ဥပဒေတွေနဲ့ လူသားခြင်းစာနာမှု နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလေးစားဘူးဆိုတာ ပြနေတာပဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဒေသ လက်ထောက်ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္ဈိမအား ပြောသည်။

လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့အရပ်သားပြည်သူများ သေဆုံးရခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေနှင့် စစ်ဥပဒေအရ အရေးတကြီး စုံစမ်းလေ့လာရန် လိုသည့် မေးခွန်းကြီးတခုဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲများအတွင်း၌ အစိုးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ နှစ်ဘက်စလုံးမှလည်း မိမိတို့ လက်နက်ကိုင်တပ်တွင်း၌ ကလေးစစ်သားများ အသုံးပြုမှုရှိခဲ့ကာ လူသတ်မြေမြှုပ်မိုင်း (Anti-Personnel Mine) များကို အသုံးပြုနေကြောင်းကိုလည်း ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေနှင့် ၄င်း၏စစ်တပ် တပ်မှူးများအား စစ်ဥပဒေများကို လေးစားလိုက်နာရန်နှင့် အရပ်သားများအပေါ် ဥပဒေမဲ့ တိုက်ခိုက်ခြင်းမျိုးကို ရပ်တန့်ပေးနိုင်ရန်အတွက် အမိန့်ပေးသင့်ကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်။

“အစိုးရအနေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေခြင်းတွေ၊ ကလေးစစ်သား ဆက်လက်အသုံးပြုနေမှုတွေ ရပ်တန့်သင့်သလို ကချင်တပ်ဘက်လည်း မြေမြှုပ်မိုင်းတွေ ဖယ်ရှားပြီး ကလေးစစ်သားတွေကိုလည်း ဆက်လက်အသုံးမပြုသင့်ပါဘူး” ဟု Phil Robertson မှ ဆက်ပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ နှစ်ဘက်စလုံး လိုင်ဇာမြို့တွင်းနှင့် အနီးတဝိုက်နေ စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာတို့၏ အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန်ကိုလည်း ကြေညာချက်အတွင်း တိုက်တွန်းထုတ်ပြန်ထားသည်။

“အရပ်သားအစိုးရတရပ်အနေနဲ့ စစ်တပ်ကို တိုက်ခိုက်မှု ရပ်တန့်အောင် အမိန့်ပေးနိုင်တဲ့အာဏာ သမ္မတမှာ ရှိပါတယ်၊ သမ္မတကလည်း တိုက်ခိုက်မှုတွေ ရပ်ပါလို့ အမိန့်ပေးချက်တွေ ရှိပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေခြင်းဟာလည်း အရမ်းကို မေးခွန်းထုတ်စရာကောင်းပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိပါလဲလို့လည်း ကျွန်တော် မေးချင်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဒေသ လက်ထောက်ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္ဈိမအား ပြောသည်။

KIO ထိန်းချုပ် ဧရိယာအတွင်းတွင် ဒုက္ခသည်ပေါင်း ၁၅,၀၀၀ တို့ ခိုလှုံနေထိုင်လျက်ရှိကာ လိုင်ဇာမြို့တွင်း၌ မြို့နေပြည်သူ ၂၀,၀၀၀ တို့ နေထိုင်လျက်ရှိကြာင်း ကချင်လူမှုအဖွဲ့အစည်းများနှင့် လိုင်ဇာဒေသခံများမှ ပြောသည်။

ပြည်နယ်တခုလုံး အတိုင်းအတာဖြင့်မူ ကချင်ပြည်နယ်၌ စစ်ပြေးဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းစာရင်းများက ဖော်ပြကြပါသည်။

ထို့ကြောင့်လည်း ကာလကြာရှည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရသဖြင့် စစ်ပြေးဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် လူသားချင်းစာနာမှုအကူအညီများအား မြန်မာအစိုးရအနေဖြင့် အစဉ်တစိုက် ငြင်းပယ်ခဲ့သည့်အပေါ်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်ပြေးဒုက္ခသည်များသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးအတွက်ကိုလည်း ခွင့်ပြုစေလိုကြောင်းလည်း တိုက်တွန်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)