Tuesday, January 29, 2013

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်

29/Jan/2013

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်မှာ-
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့၊ သံရုံးအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်းများနှင့် အစိုးရနှင့်တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက်သတ်ဇောင်းပေး၍ ဖော်ပြနေပါသည်။ တရားဝင် မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတား များစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေးအတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့်ရရှိထားပြီး ဖြစ်ပါသည်။ ယင်းသို့ သဘောတူညီမှုများ ရရှိနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ၄င်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီးအဖွဲ့အား စောင့်ကြို တိုက်ခိုက်ခြင်းဖြင့် ပြဿနာများကို စတင်ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားခဲ့သည့်အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက် ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/စစ်သည် အများအပြား ကျဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ KIA တို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ဒေသခံအရပ်သား များစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ KIA တို့သည် ကချင်ပြည်နယ်အတွင်း အများပြည်သူတို့ အဓိကအားထား သွားလာနေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။ လမ်းကြောင်းများ ပြတ်တောက် ပိတ်ဆို့နေမှုကြောင့် ကုန်စည်စီးဆင်းမှု မပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါး မလုံလောက်၍ ရောဂါဘယထူပြောခြင်း စသည့် ဒုက္ခမျိုးစုံတွေ့ကြုံ ခံစားနေရပါသည်။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂ဝ၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ်စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရပါသည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော KIA လက်နက် ကိုင်အဖွဲ့ကို တပ်မတော်၏ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန်တပ်စခန်းရှိ တပ်မတော်သားများ ကြုံတွေ့နေရသော ရိက္ခာပြတ်လပ်မှု၊ KIA လက်နက်ကိုင်အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတစ်ရပ်သာ ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်ထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော်စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက် နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့်အတွက် လိုအပ်သလို ခုခံပစ်ခတ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခအရှိန် လျော့ကျပြီး အပစ်အခတ်ရပ်စဲ၍ ထာဝရငြိမ်းချမ်းရေး ဆက်လက် တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်း ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်ကဲ့သို့ပင် ထာဝရငြိမ်းချမ်းရေးအတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှုရှိရန် အထူးလိုအပ်ပါ သည်။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်းရေးကို ဦးစားပေးသည့် တပ်မတော်ဖြစ်ခြင်းတို့ကြောင့် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အားလုံး၏ ဘေးကင်းလုံခြုံရေးကို ပို၍လိုလားပါသည်။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန်ဆိုသည့် အချက်ကို တိကျစွာလိုက်နာသွားမည် ဖြစ်သလို KIO/KIA ဘက်မှလည်း နိုင်ငံတော်သမ္မတ၏ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက်အပေါ် လေးစားလိုက်နာသွားရန် လိုအပ်ပါသည်။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီစောင့်ရှောက်ရေး နေရာများသို့ ပြောင်းရွှေ့နေထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်လေယာဉ်များနှင့်ပါ ကူညီပို့ဆောင်ပေးလျက် ရှိပါသည်။ ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ KIO/KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/KIA အဖွဲ့အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည့်အပေါ် တပ်မတော်အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=28721

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)