Tuesday, March 12, 2013

မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ


ရန်ကုန် (မဇ္ဈိမ)။   ။ အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပြီးသည့် နောက်ပိုင်း အမေရိကန်နိုင်ငံက
မြန်မာ့ ရေထွက်ကုန်များထဲမှ ရေငန်ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။

“မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေအနေနဲ့ စတင်ဝယ်ယူနေပါပြီ။ ဒါကြောင့် အိုရှင်းဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ” ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။
ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ရှင်းပြရာတွင် “ကုမ္ပဏီအနေနဲ့ ရေငန်ပုစွန် တန် ၃၀၀ ဆက်တိုက်ပို့ဖို့ ရှိပါတယ်။ မတ်လ ၃ ရက်က ရေငန်ပုစွန် ၂၅ တန် တင်ပို့ပြီးပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ဟီဂါရှီမာရူး အင်တာနေရှင်နယ် ကုမ္ပဏီကနေ ချိတ်ပြီး တင်ပို့တာပါ” ဟု ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဂျပန်ကုမ္ပဏီ ဟီဂါရှီမာရူးသို့ တင်ပို့ကာ ထိုမှတဆင့် ထိုင်းနိုင်ငံတွင် တန်ဖိုးမြှင့်ကုန် ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့မည် ဖြစ်သည်။

ရေငန်ပုစွန်များကို ဂျပန်၊ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများကလည်း ဝယ်ယူနေကြသည်။

မြန်မာနိုင်ငံတွင် ရေငန်ပုစွန်ကို ပင်လယ်ပြင်မှသာ ဖမ်းဆီးရောင်းချခဲ့ပြီး ၁၉၉၈ ခုနှစ်ရောက်မှ ရေငန်ပုစွန်
မွေးမြူခြင်းကို စတင်လုပ်ကိုင်ခဲ့သည်။

“ရေငန်ပုစွန် ၁ တန် ပေါက်ဈေးက အကောင်သေးရင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀-၁၅,၀၀၀ လောက် ရနေတယ်။ အကောင်ကြီးရင် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လောက် ရနေပါတယ်” ဟု ပုစွန်လုပ်ငန်းရှင်များအသင်း -ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တွင် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှစ်ရုံ၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စက်ရုံ တရုံနှင့် ပုသိမ်မြို့တွင် ရေခဲစက်ရုံ တရုံဖြင့် ရေထွက်ကုန်များကို ထုတ်လုပ်လျက်ရှိသည်။

ထိုကုမ္ပဏီက ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ဂျပန်ဈေးကွက်သို့ အဓိက တင်ပို့နေပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် တင်ပို့ ရောင်းချနိုင်မည်ဟု ဆိုသည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)