Monday, May 27, 2013

KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၇ ရက် ၂၀၁၃ ခုနှစ် 

  
ချင်းမိုင်(မဇ္စျိမ)။    ။ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။
မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ကျနော်ကြိုဆိုတဲ့နေရာမှာ ရောက်နေတယ်။ ပြည်သူတွေက သောင်းနဲ့ချီ သောင်းသောင်း ဖျဖျ ကြိုဆိုနေကြတယ်၊ KIO ကို။ လူက သုံးလေးသောင်းလောက် ရှိမယ်။ တိုက်ပွဲဖြစ်တဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ရောက်လာတဲ့ အတွက်ကြောင့် ဝမ်းသာမှုကတော့ အပြည့်ပဲ။ ဒီမှာ တွေ့နေရတယ်။ ခု ဆက်ဆံရေးရုံးရှေ့မှာ ရောက်နေပြီ” ဟု ဒေါက်တာခလမ်ဆမ်ဇွန် က မဇ္ဈိမကို ပြောသည်။

ထိုကြိုဆိုသူများက KIO/KIA အလံများ ကိုင်၍ “ကေအိုင်အိုနဲ့ ပြည်သူ တခုတည်းဖြစ်တယ်ဆိုပြီး အော်ကြတယ်” “ကချင်အားလုံးဟာ ကေအိုင်အို ဖြစ်တယ်ဆိုတာ အော်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များလည်း မြစ်ကြီးနားမြို့သို့ ရောက်နှင့်နေပြီး ဖြစ်သည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)