Wednesday, August 21, 2013

မြိုင်ကြီးငူ မြေမြှုပ်မိုင်းရှင်းနေခြင်း ပြီးစီးသလောက်ရှိပြီဟု ကရင်အဖွဲ့များ ဆို



Tuesday, August 20, 2013

မြိုင်ကြီးငူဒေသခံများတင်ပြခဲ့သည့် အကြောင်းအရာဖြစ်သည့် မြေမြှုပ်မိုင်း ရှင်းလင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လကတည်းက DKBA, BGF, KNU အဖွဲ့များ ပူးပေါင်း အကောင်အထည်ဖော်နေရာ တူးဖော် ရှင်းလင်းမှုများ ပြီးစီးသလောက်ရှိနေပြီဟု သက်ဆိုင်ရာ အဖွဲ့များက ပြောသည်။

အဆိုပါ အစီအစဉ်သည် ဒေသခံများ တင်ပြမှုကြောင့် ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေးကော်မတီက ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် အရေးပေါ် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ရွာလူကြီးတွေ တင်ပြချက်အရ ကျွန်တော်တို့ ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေးကော်မတီက အရေးပေါ်ထိုင်ပြီး ဒီအချက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီဒုတိယအကြိမ် အစည်းအဝေးက တော်တော်လည်း အားရစရာ ကောင်းတယ်။ နောက်ကျွန်တော်တို့ ညီအစ်ကို အချင်းချင်းရှိနေတဲ့ သံသယတွေလည်း ရှင်းသွားကြတာပေါ့”ဟု ကရင် BGF တပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

ဖေါ်ထုတ် ရှင်းလင်းခဲ့သောနေရာများမှာ ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသတွင်းရှိ DKBA ကလို့ထူးလား ကွပ်ကဲရေး လက်အောက်ခံ ၉၀၆ တပ်ရင်း ဧရိယာနှင့် BGF 1014 တပ်ရင်းတို့၏ ထိန်းချုပ် နယ်မြေဖြစ်သည့် ၀ါးဒူးရွာ၊ ၀ါးတမော့ရွာ၊ ၀ါးသောခို့ရွာ၊ မီဇိုင်းရွာလေး၊ မီဇိုင်းရွာကြီးနှင့် ကောဟဲကျေးရွာအနီးတစ်ဝိုက် ဖြစ်သည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးကို DKBA ကလို့ ထူးလားကွပ်ကဲရေး လက်အောက်ခံ တပ်ရင်း ၉၀၆မှ ဒု-ဗိုလ်မှူးကြီး ရဲချစ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တပ်ရင်း ၁၀၀၄ မှ တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်၊ KNU မှ ဒု-ဗိုလ်မှူးကြီး စောမြင့်ထွေးတို့က ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

ရှင်းလင်းခဲ့သော မြေမြှုပ်မိုင်းအမျိုးအစားများမှာ တိုက်မိုင်း၊ လက်လုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများနှင့် နိုင်ငံခြားမှ ထုတ်သောမိုင်းများ ဖြစ်သည်။ စွန့်လွတ်မိုင်းကိုမူ ဖောက်ခွဲပစ်ရုံမှလွဲပြီး အခြားနည်းလမ်းမရှိပါ။

မြိုင်ကြီးငူ ဒေသဘက်ရှိ မိဇိုင်း၊ ကျုံထော်၊ ရင်းပိုင်းနေရာများသည် မြေမြှုပ်မိုင်း အများဆုံးနေရာဖြစ်ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

စတင် တူးဖော်ခဲ့ချိန်မှစ၍ ယနေ့အထိ ထိုဒေသများမှ မြေမြှုပ်မိုင်း အလုံး ၅၀ ကျော်ကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး ဖြစ်ကာ တူးဖော်ရန်ခက်ခဲသည့် မြေမြှုပ်မိုင်းရှိသည့် နေရာများကို ထင်ရှားသည့် အမှတ်အသားများ ပြုလုပ် သတိပေး ဆိုင်းပုဒ်များ ထောင်ထားမှုများလည်း ပြုလုပ်ခဲ့သည်။

တူးဖော်ရန်ခက်ခဲသည့် မြေမြှုပ်မိုင်းများကို ဖောက်ခွဲ ဖျက်ဆီးရန် အစီအစဉ် ရှိနေပြီး ထိုအထဲမှ အချို့အားလည်း ဖျက်ဆီးခဲ့ပြီးဖြစ်ရာ ထိုသို့ဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိမိတို့ တပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း DKBA ကလို့ထူးဘော တပ်ဖွဲ့၏ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးသရီတူးက ပြောသည်။

“ဖော်လို့ မရတော့တဲ့ မိုင်းတွေကို ပေါက်ကွဲဖို့ရှိတယ်လေ။ ကျွန်တော်တို့ မိုင်းဖောက်ကွဲနေစဉ်မှာ DKBA ဘက်က တစ်ယောက် မိုင်းထိတယ်” ဟု ၎င်းင်းမှ မဇ္ဈိမသို့ အတည်ပြု ပြောသည်။

ကွင်းဆင်းလုပ်ဆောင်နေကြသည့် အဖွဲ့များ၏ လုပ်ငန်းအစီရင်ခံစာများ မရောက်ရှိလာသေးခြင်းကြောင့် အရေအတွက် ပမာဏ အတိအကျနှင့် နေရာတို့ကို ထုတ်ဖော်ပြောကြားရန် ခက်နေသော်လည်း လုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီးပြီဟု ကရင် BGF တပ်ဖွဲ့မှ ဗိုလ်မှူးဇော်က ပြောသည်။

မြိုင်ကြီးငူ ဒေသရှိ မြေမြှုပ်မိုင်းများသည် ၁၉၉၄ ခုနှစ်တွင် DKBA တပ်ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်စဉ်ကတည်းက စတင်မြှပ်နှံထားခဲ့သည်။ ထို့ပြင် ၂၀၁၃ ဧပြီလ ၂၇ ရက်တွင် DKBAနှင့် အစိုးရ နယ်ခြားစောင့်တပ် BGF တို့ သုံးရက်တာ တိုက်ပွဲဖြစ်ပွားစဉ်၌ ထောင်ထားသည့် မြေ မြုပ်မိုင်းများလည်း ရှိနေသည်။

ဟင်္သာနီ (မွန်မြေ)

Mizzima - News in Burmese
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)