Wednesday, August 21, 2013

ပဋိပက္ခများမှ ရှောင်ကျဉ်ကာ ဖွံ့ဖြိုးရေးလုပ်မည်ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူး ပြော

Wednesday, August 21, 2013
 နန်းလွင်နှင်းပွင့်
Mizzima - News in Burmese
 


ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားခြင်းမှ ရှောင်ကျဉ်ကာ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထိပ်သီးပိုင်း
ခေါင်းဆောင်များ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးစောချစ်သူက သြဂုတ် ၁၉ ရက်တွင် မဇိ္ဈမကို ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှတစ်ဆင့် ဖွံ့ဖြိုးရေးကဏ္ဍများသို့ ကူးပြောင်းနိုင်ရန်စီစဉ်နေလျက် ရှိနေပြီး ကရင်လက်နက်ကိုင်များ ပြန်လည် ပေါင်းစည်းနိုင်ရန်လည်း ကရင်လက်နက်ကိုင်တို့ ကြိုးပမ်းလျက် ရှိနေသည်ဟု BGF ဗျူဟာမှူးတစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း ကရင်ပြည်နယ်တွင်းမှာရှိတဲ့ တပ်ဖွဲ့တွေအကုန်လုံး စည်းကမ်းတကျ စနစ်တကျနဲ့ ပေါင်းစည်းမှု ဖြစ်လာဖို့ကို သေချာ အချိန်ယူ လုပ်ကိုင်သွားမှာပါ။ နောက်ထပ် တပ်ဖွဲ့တွေကြားထဲမှာ ပြဿနာတွေ မတက်အောင် အောက်ခြေကနေစပြီး ညှိနှိုင်းသွားမှာပါ” ဟု ပြောသည်။

သို့သော် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစည်းရေး လုပ်ဆောင်ရန် အလွတ်သဘော ဆွေးနွေးမှုများ မကြာခဏရှိခဲ့သော်လည်း တရားဝင် တွေ့ဆုံမှုများ မရှိသေးပေ။

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပထမခြေလှမ်းဖြစ်သည့် ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကာကွယ်သည့်လုပ်ငန်းစဉ်များ၊ အကြောင်းအမျိုးမျိုးကြောင့် မြှုပ်နှံထားသည့်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်းမှ ကိုယ်စားလှယ်များဖြင့် လုပ်ငန်းကော်မတီများဖွဲ့ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည်။

ထိုသို့ လုပ်ဆောင်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် နယ်ခြားစောင့်တပ် BGF နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပဋိပက္ခဖြစ်ပွားကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ရာ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပေါ်ရန် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု BGF ဗိုလ်မှူး စောချစ်သူက ပြောသည်။

“လတ်တလောက ဖြစ်ခဲ့တဲ့ ကိစ္စတွေက အောက်ခြေမှာ ပြဿနာတွေ အနည်းငယ်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းကတော့ တာဝန်ရှိတယ်ဆိုတော့ အကောင်းဆုံးဖြစ်အောင် နောက်ထပ် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင် ညှိကြရတယ်”ဟု စောချစ်သူက ပြောသည်။


Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)