ဒီဗွီဘီ - ၁၉ စက်တင်ဘာ ၂၀၁၃
နေပြည်တော် ပုဗ္ပသီရိမြို့နယ်
ဝဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်ညက ရဲနဲ့ ကျေးရွာသားတွေ
ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။
၁၈
ရက်နေ့ည ၁ နာရီခွဲခန့်မှာ ၀ဲကြီးကျေးရွာနေ ကျေးရွာ အန်အယ်လ်ဒီ
အလုပ်အမှုဆောင် ကိုဇော်လတ် နေအိမ်ကို ရဲအယောက် ၃၀ လောက်
အကြမ်းဖက်ဝင်ရောက်လာပြီး ရိုက်နှက်ရာမှာ ကိုဇော်လတ် ဇနီးသည်ဖြစ်သူက
ဓားပြဓားပြလို့ အော်တာကြောင့် ရွာသားတွေ အိမ်ကို ၀ိုင်းလာခဲ့ကြတယ်လို့
ကိုဇော်လတ်က ပြောပါတယ်။
အဲဒီနောက် ရဲ ၂၇ ယောက်ကို ရွာသားတွေက
ဖမ်းဆီးချုပ်နှောင် ထားလိုက်ကြောင်း၊ မိုးလင်းတော့ ရာနဲ့ချီတဲ့ရဲတွေ ရွာကို
လာဝိုင်းပြီး အဖမ်းခံထားရတဲ့ ရဲတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုတဲ့အတွက်
ထုတ်ပေးလိုက်တယ်လို့ ကာယကံရှင် ကိုဇော်လတ်က ပြောပါတယ်။
ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်း အဲဒီရွာအနီး လယ်သမားတချို့ ထွန်တုံးတိုက်ပွဲဝင်ခဲ့တာကို
အားပေးအားမြှောက်ပြုတယ်ဆိုပြီး သူ့ကို လာဖမ်းတာလို့ ထင်ကြောင်း ကိုဇော်လတ်က
ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဗ္ပသီရိမြို့နယ် ကျည်တောင်ကန်
စခန်းမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်မှန်ကန်ကြောင်း ပြောပြီး
အသေးစိတ်ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။
အခင်းဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး ကာယကံရှင် ကိုဇော်လတ်ကို ဒီဗွီဘီသတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။