Wednesday, September 25, 2013
![]() |
| (တောင်ကြီးမြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ အခမ်းအနား) |
နိုင်ငံရေး အင်အားစုအဖွဲ့ ၇၀ ကျော်၏ တောင်ကြီးဆွေးနွေးပွဲ ရလဒ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁...
ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ပအခြေစိုက် ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကျေနပ်ကြောင်း UNFC ၏
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက စက်တင်ဘာ ၂၄ ရက်တွင်
The Daily Eleven သို့ ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ
တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု
တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င်
နိုင်ငံရေး အင်အားစု အဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့ကာ ဆွေးနွေးပွဲ အပြီးတွင်
သဘောထား ထုတ်ပြန်ချက် ငါးရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ
သဘောထား ငါးချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ မတရားအသင်း အက်ဥပဒေ
အပါအ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊
တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော
ညီလာခံကြီးတစ်ရပ် ကျင်းပရေးနှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးတို့ ဖြစ်သည်။
"တောင်ကြီးဆွေးနွေးပွဲ
ရလဒ်တွေကို တော်တော်အားရ ကျေနပ်တယ်။ ချင်းမိုင်မှာ လုပ်ခဲ့တဲ့
တိုင်းရင်းသား ညီလာခံက ဆုံးဖြတ်ချက်တွေနဲ့ တူနေတယ်။ နောက်ဆုံးတစ်ချက်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ အပိုင်းမှာတော့
နည်းနည်းကွဲတယ်။ ကျွန်တော်တို့နဲ့ UNA (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
မဟာမိတ်အဖွဲ့) က ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဖို့ ပြင်ဆင်နေတယ်" ဟု
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
UNFC အနေဖြင့်
တောင်ကြီးဆွေးနွေးပွဲ ရလဒ်ကို သဘောတူ ထောက်ခံကြောင်း မျက်နှာစုံညီ
အစည်းအဝေး ပြုလုပ်ပြီး ကြေညာချက် ထုတ်ပြန်ရန် အစီအစဉ် ရှိသည်ဟု ၎င်းကဆက်လက်
ပြောကြားသည်။
တောင်ကြီးဆွေးနွေးပွဲတွင် အစိုးရဘက်မှ
ကမ်းလှမ်းထားသော အောက်တိုဘာ အပစ်ရပ် စာချုပ်လက်မှတ် ရေးထိုးပွဲ ကိစ္စရပ်အပေါ်
သဘောထား မထုတ်ပြန်ခဲ့ခြင်းမှာ ဆွေးနွေးကြသည့် အဖွဲ့များသည် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များသာမက နိုင်ငံရေး အင်အားစုများ ပါဝင်နေခြင်းကြောင့်
ဖြစ်သည်ဟု ယူဆကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။
"အောက်တိုဘာမှာ
ပြုလုပ်မယ့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
စာချုပ်လက်မှတ်ရေးထိုးပွဲကို တက်မလား၊ မတက်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်
ရနိုင်ဖို့ ကျွန်တော်တို့ကိုယ်စား လှယ်အဖွဲ့ဝင်လေးဦး မဲဆောက်ကိုသွားပြီး
နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ သဘောထားကို
မေးမြန်းနေပါတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်
လက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တက်ရောက်ရန်
ရှိ၊ မရှိ ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရကို
တောင်းဆိုထားသော အချက်အလက်များ စုံလင်အောင် အစိုးရက လိုက်လျော၊
မလိုက်လျောမည် ဆိုခြင်းအပေါ် မူတည်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိ
အနေအထားတွင်မူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) တို့
အောက်တိုဘာ ပထမပတ်တွင် ပြုလုပ်ရန် ရှိနေသော ငြိမ်းချမ်းရေး
ဆွေးနွေးပွဲရလဒ်ကို ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက
စောင့်ဆိုင်းနေပြီး ထိုရလဒ်ကို မူတည်၍ အကြောင်းပြန်မှုများ ပြုလုပ်ရန်
အစီအစဉ်ရှိကြောင်း သိရသည်။
JACDB ကိုအောင်နိုင်အား ကျေးဇူးတင်ရှိပါသည်။
