တောင်ကြီးညီလာခံ၌ ခင်မမမျိုး
တင်ပြချက်
September 26, 2013
(ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ)
ယခုဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အဖွဲ့အစည်း များမှ
ကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားကြသော ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ တက်ရောက် လေ့လာကြသော လူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာရွှင်လန်းပြီး၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ပထမဦးစွာ
နှုတ်ခွန်းဆက်သအပ်ပါတယ်။
ပြည်တွင်းစစ်တွေကို ထာဝရ
ရပ်စဲနိုင်ရေးက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်များ ချုပ်ဆိုရုံနဲ့
ပြည့်စုံ လုံလောက်မှု ရှိမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ဖြစ်ပွားလာရတဲ့
အခြေခံအကြောင်းရင်းများ အပေါ်မှာ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့
နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးရာမှာ
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော နိုင်ငံတော်ဆိုတဲ့
ပကတိဖြစ်တည်မှုကို အားလုံးက မလွဲမသွေ လက်ခံထားရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတော်ဖြစ်တဲ့အတွက်
ဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ လူမျိုးကြီးဝါဒပေါ်မှာ အခြေခံတဲ့ တပြည်ထောင်စနစ်
ဖြစ်လို့မရပါဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်မှု၊ တန်းတူ
ညီမျှရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးတဲ့ စစ်မှန်သော
ပြည်ထောင်စုစနစ်ရှိမှသာ ဒီမြေပေါ်မှာ စစ်ခင်းသံတွေ ဆိတ်ငြိမ်သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးတေးသံတွေ ဝေဆာလာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရှိဖို့အတွက် ယုံကြည်မှု
တည်ဆောက်ဖို့ လိုပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ယုံကြည်မှု ပျက်ပြားစေတဲ့
ပြဿနာများကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ အဓိက
ပြဿနာများကတော့ သံသယပြဿနာ၊ သတင်းအချက်အလက် ပြဿနာ၊ စစ်မဟာဗျူဟာ ဆိုင်ရာပြဿနာ၊
အာဏာသုံး ဖိအားပေးခြင်း ပြဿနာနဲ့ တိုင်းရင်းသားပြည်သူအများက လက်ခံမှုမရှိသော
နိုင်ငံရေးမူဘောင်များ၊ ဥပဒေများအား တဘက်သတ်ချမှတ်ခြင်း ပြဿနာ စတာတွေ ဖြစ်ပါတယ်။
လိမ်ညာလှည့်စားမှုများ၊
ကောက်ကျစ်မှုများ၊ ကလိန်ကျမှုများ၊ ကတိမတည်မှုများ လုပ်တတ်လေ့ရှိတဲ့
လူပုဂ္ဂိုလ်တယောက်က အလုပ်တခု လုပ်ဆောင်တဲ့အခါ
အလုပ်အောင်မြင်ပြီးမြောက်ပါ့မလားဆိုပြီး သံသယ ရှိလေ့ရှိတာ လူ့သဘာဝပါ။ ဒါကို
သံသယမရှိသင့်ကြောင်း ပြောဆိုတာထက် အလုပ်နဲ့ သက်သေပြပြီး၊ ပေးထားတဲ့ ကတိက၀တ်တွေကို
မဖောက်ဖျက်ဖို့ကသာ ပိုပြီး အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့
စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ လူထုနဲ့ အစိုးရအကြားက ရှိရမယ့် လူမှုပဋိညာဉ် (social
contract) က ပျက်ပြားနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါကို ပြန်လည်တည်ဆောက်ဖို့အတွက်
အာဏာပိုင်များ၊ အစိုးရများ ဘက်က ပွင့်လင်းမြင်သာမှု (transparency) ရှိပြီး၊
သံသယတံတိုင်းကို ကျော်လွှားနိုင်အောင် ကြိုးပမ်းသင့်ပါတယ်။
ဒုတိယပြဿနာဖြစ်တဲ့ သတင်းအချက်အလက်
ပြဿနာကလဲ တိုင်းပြည်သားပြည်သူများရဲ့ ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ယနေ့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုဟာ စစ်မှန်သော
နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်သို့
နောက်ကြောင်းပြန်လှည့်သွားစရာ မရှိကြောင်း သတင်းစကားကို ပြည်သူလူထုထံ ပေးအပ်ပြီး၊
လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လက်တွေ့ကျကျဆိုရာမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ စစ်တပ်မှ အာဏာသိမ်းနိုင်ကြောင်း ရည်ညွှန်းသည့်
အချက်များကို ပယ်ဖျက်ပေးခြင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေငြာခြင်း စတာတွေ
ဖြစ်ပါတယ်။
ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့
တတိယပြဿနာကတော့ စစ်မဟာဗျူဟာရေးရာ ပြဿနာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲမှုများ၊
နိုင်ငံရေးဆွေးနွေးပွဲများကို ယောင်ပြပြုလုပ်ပြီး စစ်ကစားမှု၊ စီးပွားရေး
မက်လုံးများနှင့် နိုင်ငံရေးမက်လုံးများပေး၍ ထိပ်တိုက်ရင်ဆိုင်ထိန်းချုပ်မှု
(တနည်းဆိုလျှင် စစ်မဟာဗျူဟာ ရှုထောင့်အရ containment strategy အသုံးပြုမှု)၊
အချိန်ဆွဲမဟာဗျူဟာ (Time buying strategy) ဖြင့် အင်အားများ တစတစ
ကွဲပြားယုတ်လျော့သွားစေရန် ကြံစည်ဆောင်ရွက်မှု၊ ယောင်ပြလှုပ်ရှားမှုများဖြင့် First
Strike Advantage ရအောင် ကြိုးပမ်းမှု စတာတွေဟာ ယုံကြည်မှုပျက်ပြားစေနိုင်တဲ့ အတွက်
ဒီလို စစ်ကစားမှုများ မပြုလုပ်ကြောင်း သေချာစေရန် တိုင်းရင်းသားပြည်သူများအပေါ်
အာမခံချက်တစုံတရာ ပေးရန် လိုအပ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်စာချုပ်များနဲ့ နိုင်ငံရေးစာချုပ်များ ချုပ်ဆိုရာမှာ ကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီမှာ ပါဝင်သူများနှင့် အစိုးရတာဝန်ရှိသူများမှ ပါဝင်
လက်မှတ်ရေးထိုးပြီး၊ ငြိမ်းချမ်းရေးအတွက် အာမခံချက် (commitment) နဲ့ တာဝန်ခံမှု
(accountability) ကို ပေးအပ်ဖို့ လိုပါတယ်။
ယုံကြည်မှုပျက်ပြားစေနိုင်တဲ့
စတုတ္ထပြဿနာကတော့ အာဏာသုံးဖိအားပေးခြင်း ပြဿနာပဲ ဖြစ်ပါတယ်။ စစ်မှန်သော
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရာမှာ တန်းတူရည်မျှရှိမှု သဘောတရားကို
အခြေခံ ရမှာဖြစ်ပြီး၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို
အစိုးရဖြစ်စေ၊ အခြား မည်သည့် ပါတီ၊ အဖွဲ့အစည်းကမှ အလွဲသုံးစားပြုလုပ်ခြင်း မရှိသော
အာမခံချက်ရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် နိုင်ငံတော်နဲ့ အစိုးရရဲ့ ကွဲပြားမှုက
ရှင်းလင်းရမှာ ဖြစ်ပါတယ်။ အစိုးရဟာ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းများကို power
bargaining အတွက် အသုံးပြု ဖိအားပေးခြင်း ပြုလုပ်လို့ မရပါဘူး။ ဒါမှသာ ယုံကြည်မှု
တည်ဆောက်ခြင်းအားက ကောင်းမွန်လာပြီး၊ အကျိုးရှိတဲ့ ဆွေးနွေးပွဲရလဒ်များ
ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ ပဉ္စမ
ပြဿနာကတော့ တိုင်းရင်းသားပြည်သူ အများက လက်ခံမှုမရှိသော နိုင်ငံရေးမူဘောင်များ၊
ဥပဒေများအား တဘက်သတ်ချမှတ်ခြင်း ပြဿနာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ (၁၉၄၇)
ခုနှစ်မှာ တကြိမ်၊ (၁၉၇၄) ခုနှစ်မှာ တကြိမ်၊ (၂၀၀၈) ခုနှစ်မှာ တကြိမ်
ဖွဲ့စည်းပုံအခြေခံဥပဒေများ ပေါ်ထွက်ခဲ့ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေတွေ
ပေါ်ထွက်လာပြီး မရှေးမနှောင်းမှာပဲ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အစားထိုးဖို့
တိုင်းရင်းသားပြည်သူများရဲ့ တောင်းဆိုသံတွေ ထပ်ချပ်မခွာ လိုက်လာကြပါတယ်။
အဓိကအကြောင်းရင်းကတော့ တိုင်းရင်းသားပြည်သူလူထုရဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊
တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို
ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့ မူဘောင်များ၊ ဥပဒေများကို အာဏာသုံးပြီး
တဘက်သတ်ချမှတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေ ထပ်မဖြစ်အောင်
လက်ရှိနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့
ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်ကို အဟန့်အတား၊ အနှောင့်အယှက်၊ အတားအဆီးတွေ
ဖြစ်စေတဲ့ ပုဒ်မများဖြစ်တဲ့ ပုဒ်မ (၄)၊ ပုဒ်မ (၆) (စ)၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇၊ ပုဒ်မ
၂၀၊ ပုဒ်မ ၅၉၊ ပုဒ်မ ၇၄၊ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၂၃၁
(ခ) (၂)၊ ပုဒ်မ ၂၃၁ (ခ) (၃)၊ ပုဒ်မ ၂၃၁ (ဂ)၊ ပုဒ်မ ၂၆၁ (ခ)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၉၊
ပုဒ်မ ၃၄၃၊ ပုဒ်မ ၄၃၆ စတာတွေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတွေ မလွဲမသွေ
လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် အနာကိုသိမှ
ဆေးကုနိုင်မှာ ဖြစ်တဲ့အတွက် ယုံကြည်မှုပျက်ပြားစေသော ပြဿနာများကို ဖယ်ရှားနိုင်မှသာ
ယုံကြည်မှုတည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
စက်တင်ဘာ (၂၂) ရက်
၂၀၁၃ ခုနှစ်
တောင်ကြီးမြို့။
၂၀၁၃ ခုနှစ်
တောင်ကြီးမြို့။
မြန်မာ့ ငြိမ်းချမ်းရေးနှင့်
လုံခြုံရေးသိပ္ပံ (MIPSS) မှ
အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုး ၏ ဆွေးနွေးတင်ပြချက်
အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုး ၏ ဆွေးနွေးတင်ပြချက်
JACDB မှ ကိုအောင်နိုင်အား ကျေးဇူးတင်ရှိပါသည်။