ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၃)
အောင်ဒင် ၊ အောက်တိုဘာ ၂၃၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၈၊ အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၃)
==================
==================
အစိုးရ၏ မရေရာသော လမ်းပြမြေပုံ
အစိုးရဘက်က
ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး
အပြောင်းအလဲအချို့လုပ်ခဲ့ပေမည့် ဦးသိန်းစိန်ရဲ့
ငြိမ်းချမ်းရေးလမ်းပြမြေပုံကတော့  တရားဝင် အပြောင်းအလဲမရှိ
ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်၊ တိုင်းရင်းသားများဘက်က တပ်တွေစွန့်၊ ပါတီထောင်၊
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဖို့ဆိုတာကို လက်မခံပဲ အပစ်အခတ်ရပ်စဲပြီးတာနဲ့ အားလုံးပါဝင်တဲ့
နိုင်ငံရေးဆွေးနွေးပွဲများကျင်း ပပြီး ၂၀၀၈ ဖွဲ့စည်းပုံကို
လွှတ်တော်ပြင်ပကနေ ပြင်ဖို့ တောင်းဆိုထားပေမည့် အစိုးရဘက်က တရားဝင်
လက်မခံသေးပါ၊ ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများကို ဘယ်လိုဘယ်ပုံလုပ်မယ်
ဆိုတဲ့ ရှင်းလင်းသေချာတဲ့ အစီအစဉ်လည်း ရှိပုံမရပါ၊ ရှိရင်လည်း
တိုင်းရင်းသားခေါင်းဆောင်များကိုရော၊ ပြည်သူလူထုကိုပါ တရားဝင်ချပြခြင်းမရှိသေးပါ၊
နိုင်ငံရေးဆွေးနွေးပွဲများနဲ့
ပါတ်သက်ပြီး အစိုးရတာဝန်ရှိသူများက အမျိုးမျိုးပြောနေကြတာကလည်း
ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးစရာပါ၊ ကရင့်အမျိုးသားအစည်းအရုံး (Karen
National Union, KNU) ရဲ့ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နဲ့
နေပြည်တော်မှာ တွေ့ဆုံတော့ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးဆွေးနွေးပွဲများကို
ပြည်ထောင်စုလွှတ်တော်ထဲမှာပဲ ဆွေးနွေးသင့်တယ်လို့ ပြောခဲ့ပါတယ်၊ ဝန်ကြီး
ဦးအောင်မင်းကကျတော့ "သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပင်လုံညီလာခံလို
လူထုအစည်းအဝေးကြီးတစ်ခုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနဲ့ 
တစ်ချိန်တည်းမှာ ကျင်းပမယ်၊ ပင်လုံလို ညီလာခံကြီးမှာ
ဆွေးနွေးအဖြေထုတ်လို့ရတာတွေကို ဆုံးဖြတ်ပြီး အဲဒီ ညီလာခံက
ဆုံးဖြတ်လို့မရတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပို့ပြီး ဆုံးဖြတ်စေမယ်"
လို့ပြောပြန်ပါတယ်၊
၂၀၁၃ ခုနှစ်
ဇွန်လ ၂၈ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးအောင်မင်းက
ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး အစိုးရကိုယ်စား
လွှတ်တော်သို့အစီရင်ခံရာမှာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအပစ် အခတ်ရပ်စဲရေး
လက်မှတ်ထိုးပြီးရင် နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲများကို
လွှတ်တော်မှ ဦးစီးဆောင်ရွက်နိုင်ရန်အတွက် လွှဲပြောင်းပေးရန်
အစီအစဉ်ရှိကြောင်း" ပြောပြန်ပါတယ်၊
ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများ
မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ တကယ်ဖြစ်လာမှာလား၊
ဖြစ်ရင်ရော ဘယ်လို ပုံသဏ္ဏန်နဲ့ ဖြစ်မှာလဲ၊ ဘယ်သူက ဦးဆောင်မှာလဲ၊ အစိုးရလား၊
လွှတ်တော်လား၊ စသဖြင့် မေးခွန်းတွေက ပိုပြီးများပြားလာပါတယ်၊
လွှတ်တော်မှာလည်း သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ယူပြီးကတည်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ် ငန်းများမှာ ထိထိရောက်ရောက်ပါဝင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပေ ဒကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လေ့လာသုံးသပ်ဖို့ လွှတ်တော်နှစ်ရပ်ပူးပေါင်းကော်မီ တီ
တစ်ခုကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီကော်မီတီက
လေ့လာသုံးသပ်ချက်တွေကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး
တင်ပြရမယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ဒီပူးပေါင်းကော်မီတီမှာ
ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၅၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ဦးတို့က
အများစုလွှမ်းမိုးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၇) ဦးနဲ့
တိုင်းရင်းသားပါတီကိုယ်စားလှယ် များက ၂၅ ဦးသာပါဝင်တာကြောင့်
ဒီကော်မီတီရဲ့ လေ့လာသုံးသပ်မှုဟာ တိုင်းရင်းသားများ မျှော်လင့်သလောက်
တန်းတူညီမျှအခွင့်အရေးတွေရဖို့ မဖြစ်နိုင်ပါ၊ တစ်ခါ လွှတ်တော်မှာပဲ
"တိုင်းရင်းသားလူမျိုးစုများအခွ င့်အရေးကာကွယ်ရေး ဥပဒေကြမ်း" ကို
ရေးဆွဲနေတယ်လို့ သိရပါတယ်၊ ဥပဒေတိုင်းဟာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံကို
အခြေခံရေးဆွဲရပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က
တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊
ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ကန့်သတ်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံ
ရေးဆွဲမည့် "တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကာကွယ်ရေး ဥပဒေကြမ်း"
ဟာလည်း တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီလိမ့်မယ်မထင်ပါ၊
အပစ်ရပ်လိုက်၊ ပြန်တိုက်လိုက်
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများ အပစ်အခတ်ရပ်စဲကြတယ်ဆိုတာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများရဲ့ ပထမခြေလှမ်းဖြစ်ပြီး စစ်ပွဲများအပြီးတိုင်ရပ်စဲရေး အတွက်
ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သင့်ပါတယ်၊ အပစ်အခတ်ရပ်စဲခြင်းဟာ
နောင်တစ်ချိန်မှာ ပြန်လည်တိုက်ခိုက်ဖို့ အားမွေးတဲ့ သဘော၊ တစ်ဘက်နဲ့ တစ်ဘက်
အပြန်အလှန်လှည့်စားကြတဲ့ သဘောမဖြစ်သင့်ပါ၊ အခုမြင်တွေ့နေရတဲ့
အပစ်ရပ်မှုကတော့ နှစ်ဘက်တပ်တွေ စစ်တိုက်တာ ခဏနား၊ လက်နက်၊ ရိက္ခာနဲ့
စစ်သည်အင်အားဖြည့်၊ ပြီးတော့ အလွယ်တကူတွေ့နိုင်တဲ့ အမှားတစ်ခုခု၊
အကြောင်းပြချက်တစ်ခုနဲ့ ပြန်တိုက်နေကြသလိုပါ၊ အစိုးရသစ်တက်ပြီး
လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ၁၈ ဖွဲ့နဲ့
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးပြီဆိုပေမည့်
တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွါးနေဆဲပါ၊ ၂၀၁၃ ခုနှစ် မေလမှ ဩဂုတ်လအထိ
လေးလတာကာလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့
မွန်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ တွအကြား တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်၊
ပြည်တွင်းစစ်ကြောင့် နှစ်ဘက်တပ်တွေ သေကြေပျက်စီးကြ၊ ဒဏ်ရာရကြသလို တိုင်းရင်းသားပြည်သူတွေအများကြီး
အတိဒုက္ခရောက်ကြရပါတယ်၊ ပြည်တွင်းစစ်မှာ ကြားညပ်ပြီး သေဆုံးခဲ့ကြရတဲ့
အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေ သောင်းနဲ့ချီပြီး ရှိမယ်လို့
ခန့်မှန်းရပါတယ်၊ နေအိမ်ရပ်ရွာကို စွန့်ခွါထွက်ပြေးကြရတဲ့ ဒုက္ခသည်ပေါင်း
သုံးသိန်းခွဲကျော်ရှိပြီး ရွာပုံးရွာရှောင်တွေမှာ ခိုအောင်းနေထိုင်ရတဲ့
ပြည်သူတွေ လေးသိန်း ခြောက်သောင်းကျော်ရှိပါတယ်၊
ဒီတိုင်းရင်းသားပြည်သူတွေရဲ့ ဘဝဟာ တိုက်ပွဲတွေဖြစ်နေတုန်းမှာ
အဆိုးဝါးဆုံးခံစားခဲ့ကြရသလို တိုက်ပွဲတွေ ရပ်နားထားတော့လည်း အဆုံးဆုံးဘဝက
မလွတ်မြောက်နိုင်ကြပါ၊ အပစ်အခတ်ရပ်စဲရေးက မခိုင်မာတာမို့ နှစ်ဘက်တပ်များက
လက်နက်၊ ရိက္ခာ၊ စစ်သည်စုဆောင်းကြတဲ့အခါ ဒီပြည်သူတွေအပေါ်ပဲ ဒဏ်ပိလာတာပါ၊
အဓမ္မဆက်ကြေးကောက်ခံမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အဓမ္မစစ်သားစုဆောင်းမှု၊
အဓမ္မဖမ်းဆီးအနိုင်ကျင့် သတ်ဖြတ်မှုတွေကို ဒီတိုင်းရင်းသားပြည်သူတွေပဲ
ဆက်လက်ခံစားနေကြရတာပါ၊
အစိုးရကတော့
အစီအစဉ်အတိုင်း အောက်တိုဘာလထဲမှာ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ
အားလုံးမတက်ရောက်ရင်တောင်မှ မဖြစ်မနေကျင်းပပါလိမ့်မယ်၊
ဖက်ဒရယ်ကောင်စီကလည်း တက်မယ်၊ မတက်ဘူးဆိုတာကို သဘောထားမပေးနိုင်သေးဘူး
ဆိုတဲ့ အဆင့်ကနေ စက်တင်ဘာလကုန်မှာ ကျင်းပမည့် ဖက်ဒရယ်ကောင်စီရဲ့
အလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ အထွေထွေအတွင်းရေးမှူး
နိုင်ဟံသာက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်၊ သေချာတာက
အောက်တိုဘာလက်မှတ်ရေးထိုးပွဲကို ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်တပ်များ
အားလုံးမဟုတ်တောင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့
ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်အချို့၊ ဖက်ဒရယ်ကောင်စီမှာမပါတဲ့ ရှမ်းပြည်နယ်
ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတော်များများ
တက်ရောက်ကြပါလိမ့်မယ်၊ ဒါပေမည့် အဲဒီ လက်မှတ်ရေးထိုးပွဲကြောင့်
မြန်မာနိုင်ငံမှာ အမှန်တကယ်ပဲ သေနတ်သံတွေ ရပ်စဲသွားမှာလား၊ ကျနော်ကတော့
သံသယရှိနေဆဲပါ၊
အပစ်အခတ်ရပ်စဲရေး ရှည်ကြာ ခိုင်မာဖို့
နှစ်ဘက်စစ်တပ်များ
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲကြတဲ့အခါ ဒီအပစ်အခတ်ရပ်စဲရေးကို
ကာလရှည်ကြာထိန်းသိမ်းဖို့အတွက် အရေးတကြီးလိုအပ်ချက် နှစ်ခုရှိပါတယ်၊ (၁)
ကြားနေအဖွဲ့အစည်းများ သို့မဟုတ် နှစ်ဘက်ပူးတွဲကော်မီတီဖွဲ့စည်ြး ပီး
အပစ်အခတ်ရပ်စဲမှုကို စောင့်ကြပ်ထိန်းသိမ်းရေးနဲ့ (၂) နိုင်ငံရေးအရ
ဆက်လက်ဆွေးနွေးအဖြေရှာရေး တို့ဖြစ်ကြပါတယ်၊ လက်ရှိ
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆိုပါအရေးကြီးတဲ့ အချက်နှစ်ခုစလုံး လစ်ဟာနေပါတယ်၊
ကြားနေအဖွဲ့အစည်းများနဲ့ သို့မဟုတ် နှစ်ဘက်ကိုယ်စားလှယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် များပါဝင်တဲ့ "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီ တီ"
တစ်ရပ်ဖွဲ့စည်းဖို့လိုအပ်ပါတယ်၊ ဒီကော်မီတီက နှစ်ဘက်စစ်တပ်များရဲ့
တပ်နေရာချထားမှု၊ တပ်ရွေ့လျားမှု တွေကို နှစ်ဘက်သဘောတူညီထားတဲ့အတိုင်း
ထိန်းသိမ်းအောင် စောင့်ကြပ်သတိပေးနေရမှာပါ၊ တစ်ဘက်နဲ့ တစ်ဘက်
နားလည်မှုလွဲစရာ အကြောင်းရှိရင်လည်း စစ်ပွဲနဲ့ မဖြေရှင်းပဲ ကော်မီတီက
ကြားဝင်ဖြေရှင်းပေးတာကို နှစ်ဘက်တပ်များက လိုက်နာရပါမယ်၊ အထူးသဖြင့်
စစ်မက်ဖြစ်ပွါးရာနေရာဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ လုံခြုံရေးနဲ့
လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ရရှိစေရေးကိုလည်း ဒီကော်မီတီက
တာဝန်ယူရမှာပါ၊ နှစ်ဘက်တပ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မချိုးဖောက်အောင်
စောင့်ကြပ်ကွပ်ကဲဖို့ တာဝန်ရှိသလို နှစ်ဘက်တပ်များ နားလည်မှုရှိလာချိန်၊
တစ်ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲများ အတော်ခရီးရောက်နေချိန်မှာ
နှစ်ဘက်စစ်တပ်များ မြှုတ်နှံထားတဲ့ မြေမြုတ်မိုင်းတွေကို
စနစ်တကျရှင်းလင်းဖို့၊ ဒုက္ခသည်များကို နေရပ်ဒေသ ပြန်ပို့နိုင်ဖို့၊
ဒုက္ခသည်များရဲ့ ဘဝပြန်လည်တည်ဆောက်ရေးများကိုလည်း ကူညီဖို့ ဒီကော်မီတီမှာ တာဝန်ရှိပါတယ်၊
နှစ်ဘက်စစ်တပ်များမှာလည်း
သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာရမှာပါ၊ မြန်မာ့တပ်မတော်က အခုတလောမှာ
အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့
ပါတ်သက်တဲ့ မူဝါဒ (၆) ချက်ကို ချမှတ်ထားတယ်လို့ ဆိုပါတယ်၊ အဲဒီမူဝါဒတွေက
(၁) လူမသတ်ရန်၊ (၂) အဓမ္မ တပ်သားစုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး
မကောက်ရန်၊ (၃) တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ (၄) မဟာမိတ်
တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း
တိုက်ခိုက်ခြင်း မပြုရန်၊ (၅) အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက်
စွက်ဖက်ခြင်း မပြုရန်နှင့် (၆) တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ်
တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြပါတယ်၊ ဖြစ်သင့်တာက
အဲဒီလို စည်းကမ်းချက်တွေ (Military Code of Conduct) ကို
နှစ်ဘက်တပ်ဖွဲ့များ သဘောတူချမှတ်ရမှာ ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့များက
လိုက်နာရမှာ ဖြစ်ပါတယ်၊ လိုက်နာမှုရှိမရှိကိုလည်း "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီ တီ" က စောင့်ကြပ်လေ့လာနေရမှာပါ၊ တစ်ဘက်သတ်ချမှတ်တဲ့ စည်းကမ်းများ မဖြစ်သင့်ပါ၊
နောက်ထပ်အရေးတကြီးလိုအပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကလည်း အခုအချိန်အထိ ဇဝေဇဝါ ဖြစ်ဆဲပါ၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်း ပဖို့အတွက်
အစိုးရဘက်မှာ စနစ်တကျ ပြင်ဆင်ထားတာမရှိသလို တိုင်းရင်းသားအင်အားစုများက
တင်ပြတဲ့ အစီအစဉ်ကိုလည်း အစိုးရက အပြည့်အဝလက်မခံပါ၊ အောက်တိုဘာ
လက်မှတ်ရေးထိုးပွဲအပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို
ဦးသိန်းစိန်အစိုးရက ဆက်လက်ဦးဆောင်ဆွေးနွေးမှာလား၊ လွှတ်တော်နဲ့
ဆက်ဆွေးနွေးကြဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကို
လွှတ်တော်လက်ထဲ ထားခဲ့မှာလား၊ ဒါမှမဟုတ် အစိုးရနဲ့ လွှတ်တော် ပူးပေါင်းပြီး
တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှာလား၊ ဆွေးနွေးပွဲတွေကျင်းပရင်
အချိန်ဘယ်လောက် ကြာမလဲ၊ အဆင့် ဘယ်နှစ်ဆင့်ရှိမလဲ၊ ကျနော်တို့ ဘာမှမသိရပါ၊
အခုလို အဓိကလိုအပ်ချက်ကြီးနှစ်ခုဖြစ်တဲ့  "အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီ တီ" နဲ့ "တိကျခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်"
များမပါရှိသေးတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှုဟာ
အမှန်တကယ်ရှည်ကြာပါ့မလား၊ ခိုင်မာပါ့မလား၊ ကျနော် သံသယရှိမိပါတယ်၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃
စက်တင်ဘာ ၁၆၊ ၂၀၁၃