ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၄)
အောင်ဒင်၊ အောက်တိုဘာ ၂၆၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၉၊ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၃)
==================
နိုင်ငံရေးဆွေးနွေးကြရင်ကော အဖြေရှိပါ့မလား
အစိုးရဘက်က တိကျခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲအစအစဉ်မရှိသေးလို့
စိတ်ပူရသလို တစ်ဘက်မှာ တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်တွေကို
ကြည့်လိုက်တော့လည်း အလွန်အကျွံမြင့်မားနေတာ တွေ့ရပါတယ်၊ ၂၀၁၃ ခုနှစ်
ဇူလိုင်လ ၂၉ ကနေ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ
ကျင်းပခဲ့တဲ့ (ဒုတိယ) တိုင်းရင်းသားလူမျိုးစုများညီလာ ခံက ချမှတ်ခဲ့တဲ့ အောက်ပါဆုံးဖြတ်ချက်များကို ကြည့်ပါ၊
(ဒုတိယ) တိုင်းရင်းသားများညီလာခံမှ ဆုံးဖြတ်ချက်များ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို
အမျိုးသားပြည်နယ်များ (National States) နှင့် အမျိုးသားများ ပြည်နယ်များ
(Nationalities States) တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေနဲ့
စုစည်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရန်၊
(၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်၊
(၃) ဖက်ဒရယ်ပြည်ထောင်စုကို ပြည်ပအန္တရာယ်များမှ အကာအကွယ်ပေးမည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းတည်ထောင်ရန်၊
(၄)
ဦးသိန်းစိန် အစိုးရမှ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်
ဒီမိုကရေစီအနှစ်သာရများနှင့် ပြည့်ဝခြင်းမရှိ၊
ဖက်ဒရယ်ဆိုင်ရာမူဝါဒများနှင့် မကိုက်ညီသည့်အတွက် လက်မခံနိုင်၊ စစ်မှန်သော
ဖက်ဒရယ်စနစ်အပေါ်အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ် ရပ်ကို ရေးဆွဲ၍ အသုံးပြုနိုင်ရေး ကြိုးစားရန်၊
(၅) ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင် စီ (UNFC) နှင့် ညီညွတ်သောတိုင်းရင်းသားများမဟာ မိတ်အဖွဲ့
(UNA) တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးကို ဦးဆောင်ကြမည်၊
ညီလာခံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ်
ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော် မီတီကို ဖွဲ့စည်းရန်၊
(၆) ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော (ပထမ) တိုင်းရင်းသားလူမျိုးစုများညီလာ ခံမှ
ချမှတ်ခဲ့သော ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ထပ်မံအတည်ပြုသည်၊
နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင်
တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြု ရန်၊
အဲဒီ
အချက် (၆) ချက်အပြင် ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ
အခြားတိုင်းရင်းသားများနည်းတူ ဗမာလူမျိုးများအတွက် ဗမာပြည်နယ်
ဖွဲ့စည်းရပ်တည်ရန် ဆိုတာကိုပါ ဆုံးဖြတ်ခဲ့ကြပါသေးတယ်၊
ဗမာလူမျိုးများကိုလည်း ထည့်စဉ်းစားပါ၊
တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ 
နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို
ပြန်လည်ရယူချင်တယ်ဆိုတာ သဘာဝကျ၊ တရားမျှတပါတယ်၊ စစ်အင်အားသုံးဖြေရှင်းပြီး
စစ်ပွဲမှာ အနိုင်ရခဲ့ရင်ဖြင့် သူတို့လိုချင်တာတွေအားလုံးကို
သူတို့စိတ်ကြိုက်ဖန်တီးနိုင် ကြမှာပါ၊ ပြဿနာတွေကို စစ်ပွဲနဲ့ မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြမယ် ဆိုရင်တော့
လိုချင်သလောက် အကုန်မရနိုင်ဘူး၊ လိုချင်တာတွေကို တစ်ကြိမ်ထဲနဲ့
အားလုံးမရနိုင်ဘူး၊ ဆိုတာ သဘောပေါက်ရမှာ ဖြစ်ပါတယ်၊
နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှုရချင်ရင် နှစ်ဘက်စလုံးက
စိတ်ရှည်လက်ရှည် အမျှော်အမြင်ကြီးကြီးနဲ့ ဂရုတစိုက် အပေးအယူလုပ်ကြရမှာပါ၊
တိုင်းရင်းသားလူမျိုးစုများအေ နနဲ့ တောင်းဆိုချက်များ ပြင်ဆင်ကြတဲ့အခါ သူတို့ဆွေးနွေးမည့်အရေးကိစ္စတွေ ဟာ
သူတို့ကိုယ်စားပြုတဲ့ လူနည်းစုတိုင်းရင်းသားများနဲ့ တစ်ဘက်က တိုင်းပြည်ကို
အုပ်ချုပ်နေတဲ့ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့နဲ့တင်
သက်ဆိုင်တာမဟုတ်ပဲ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့
ဗမာလူမျိုးများအားလုံးနဲ့ပါ သက်ဆိုင်နေတာကို သဘောပေါက်ဖို့လိုပါတယ်၊
ဗမာလူမျိုးများအနေနဲ့ တိုင်းရင်းသားများတောင်းဆိုတဲ့
ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို ကန့်ကွက်ကြမယ်မထင်ပါ၊ ဒါပေမည့် ဗမာပြည်နယ်
ဖွဲ့စည်းရေးကိုတော့ သဘောတူကြလိမ့်မယ် မထင်ပါ၊
ကျနော်ကိုယ်တိုင်
ဗမာလူမျိုးတစ်ယောက်အနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းမှုကို ထောက်ခံပါတယ်၊
လက်ရှိပြည်နယ်တွေအားလုံးကို တိုင်းဒေသကြီးများထက် အဆင့်မြင့်တဲ့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ရ ပြည်ထောင်စုအဖွဲ့ဝင်များ
ဖြစ်စေချင်ပါတယ်၊ ဒါပေမည့် ဗမာပြည်နယ်ဖွဲ့စည်းရေးကို မထောက်ခံပါ၊
တိုင်းရင်းသားများပါ ရောထွေးနေထိုင်ကြတဲ့ တိုင်းဒေသကြီးအချို့
(တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း) ကို
အမျိုးသားများပြည်နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို မထောက်ခံနိုင်ပါ၊
ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဆို တဲ့ တောင်းဆိုချက်အပေါ်မှာလည်း သံသယရှိမိပါတယ်၊ လက်ရှိ မြန်မာ့တပ်မတော်က ပြည်တွင်းစစ်သက်တမ်းတစ်လျှောက် လုံး
တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ
တိုင်းရင်းသားလူမျိုးစုများအပေါ် အကြမ်းဘက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ
ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဆိုတာ ကျနော်တို့ သိနားလည်ပါတယ်၊ ဒါပေမည့် အဲဒီ
မြန်မာ့တပ်မတော်ထဲမှာကိုပဲ တိုင်းရင်းသားပေါင်းစုံပါဝင်ေ နကြတာပါ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ကြီးကို
မြန်မာစစ်တပ်က အကြမ်းဘက်ဖြိုခွင်းတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ကြတဲ့ မြန်မာ့တပ်မတော်သားတွေဟာ
မြန်မာစကားမပြောတတ်တဲ့ တိုင်းရင်းသားစစ်သားတွေပါ၊
တစ်ခါ မြန်မာ့စစ်တပ်ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့  အပြစ်ပြောနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း လုံးဝအပြစ်ကင်းမဲ့သူများ (Innocents) မဟုတ်ကြပါ၊ လူမျိုးစုအကျိုးစီးပွါးအတွက်တော်လှန်ရေးလုပ်တယ်လို့ ပြောကြပေမည့် လက်တွေ့မှာတော့ ခေါင်းဆောင်တစ်စုရဲ့ အကျိုးစီးပွါးအတွက်တည်ထောင်ထား တဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ပုံစံမျိုး ဖြစ်နေတာတွေလည်း ရှိပါတယ်၊
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ မြန်မာကျောင်းသားတွေအများကြီးရှိခဲ့ပါတယ်၊
ဒီတိုင်းရင်းသားတပ်တွေထဲမှာပဲ
သက်ဆိုင်ရာလူမျိုးစုများကို အဓမ္မဆက်ကြေးကောက်ခဲ့ကြတဲ့၊
အဓမ္မစစ်သားစုဆောင်းခဲ့ကြတဲ့၊ အဓမ္မအနိုင်ကျင့်သတ်ဖြတ်ခဲ့ကြတဲ့ ၊ အဓမ္မစော်ကားခဲ့ကြတဲ့ စစ်တရားခံတွေအများကြီးပါ၊
တော်လှန်ရေးသမားအမည်ခံ
လက်နက်အားကိုးနဲ့ စီးပွါးရေးလုပ်စားသူတွေ၊ တိုင်းပြည်ရဲ့ အဖိုးတန် သစ်တော၊
ကျောက်မျက်ရတနာတွေနဲ့ သယံဇာတတွေကို ပြည်ပက ရတနာသိုက်တူးသူတွေထံ
ဈေးပေါပေါနဲ့ ရောင်းချခဲ့သူတွေအများကြီးပါ၊
ဒါကြောင့်မို့
အခုလိုအချိန်မှာ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး တောင်းဆိုခြင်းဟာ
အလွန်စောလွန်းတယ်လို့ ယူဆပါတယ်၊ ဖြစ်သင့်တာက မြန်မာ့တပ်မတော်ကို
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ အချိန်ဇယားတစ်ခုအတွင်းမှာ
ရုပ်သိမ်းနိုင်ရေးနဲ့ မြန်မာ့တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ
ပြန်လည်နေရာချရေးတို့က ပိုပြီးအရေးကြီးပြီး ပိုပြီးလက်တွေ့ကျတယ် ထင်ပါတယ်၊
၂၀၀၈
ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့
ဆုံးဖြတ်ချက်ကိုလည်း အံ့ဩမိပါတယ်၊ ကျနော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို
မကြိုက်နှစ်သက်ပါ၊ ဒါပေမည့် ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
၂၀၀၈ ဖွဲ့စည်းပုံက ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကစလို့
နိုင်ငံတစ်ဝှမ်းအသက်ဝင်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တည်ဆဲ
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေပါပြီ၊ တိုင်းရင်းသားလူမျိုးစုများနဲ့
ပါတ်သက်တဲ့ ပြဿနာ၊ ပြည်တွင်းစစ်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ပြဿနာဖြစ်လို့ တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှအခွင့်အရေးတွေကို
အာမခံချက်ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲချင်တာ
သဘာဝကျပါတယ်၊
ဒါပေမည့်
နိုင်ငံရေးဆွေးနွေးပွဲများကနေ ရရှိမည့် သဘောတူညီမှုများအားလုံးဟာ
နောက်ဆုံးမှာ ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိမှာပါ၊ ကြံ့ခိုင်ရေးပါတီက ၅၂
ရာခိုင်နှုံး၊ စစ်တပ်က ၂၅ ရာခိုင်နှုံး၊ နှစ်ဖွဲ့ပေါင်း ၇၇
ရာခိုင်နှုံးလွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားများ
တောင်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့ သဘောတူမယ်မထင်ပါ၊
တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပူးပေါင်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့ စည်းရေးကို
ထောက်ခံလိမ့်မယ် မထင်ပါ၊ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်ခံလိမ့်မယ် မထင်ပါ၊
၂၀၀၈ ဖွဲ့စည်းပုံကို ရနိုင်သလောက် ပြင်ဆင်ရေးက ပိုပြီးသဘာဝကျပါလိမ့်မယ်၊
ဒီနေ့ကာလဟာ
ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အတော်အတန်ရှိတဲ့
ကာလဖြစ်ပါတယ်၊ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များ ကိုယ်နှိုက်က
ပြည်တွင်းစစ်ကို အဆုံးမသတ်ပဲ တိုင်းပြည်မှာ ဒီမိုကရေစီမထွန်းကားနိုင်ဘူး၊
ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူး လို့ ဝန်ခံလာရပါပြီ၊ ပြည်တွင်းစစ်ကို
အဆုံးသတ်ဖို့အတွက် အဓိကလိုအပ်ချက်က တိုင်းရင်းသားလူမျိုးစုများရဲ့
အခွင့်အရေးများကို တိုးမြှင့်ပေးအပ်ခြင်းဖြစ်တယ်လို့လည်း သဘောပေါက်နေကြပါပြီ၊ ဒါပေမည့် အစိုးရတစ်ဖွဲ့လုံး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ တပ်မတော်ခေါင်းဆောင်များအားလုံး က
တစ်ညီတစ်ညွတ်တည်း သဘောထားရှိတာ မဟုတ်ပါ၊ သူတို့ရဲ့ သဘောထားမှာလည်း
အတိုင်းအတာ အကန့်အသတ်ရှိပါလိမ့်မယ်၊ ဒါကြောင့် တိုင်းရင်းသားများရဲ့
တောင်းဆိုချက်တွေဟာ လက်တွေ့ကျဖို့လိုအပ်ပါတယ်၊ ဆွေးနွေးပွဲမစခင်ကတည်းက
တစ်ဘက်အဖွဲ့အစည်းကို ဆွေးနွေးချင်စိတ်တောင် မရှိတော့အောင် မလုပ်သင့်ပါ၊
အလွန်အကျွံတောင်းဆိုခြင်းမျာြး ဖင့် မျှော်လင့်ချက်တွေဟာ တကယ်ဖြစ်မလာပဲ မျှော်လင့်ချက်အဖြစ်နဲ့ပဲ ဆက်လက်တည်ရှိနေပါလိမ့်မယ်၊
ပြီးတော့
ဗမာလူများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်များကို
ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်မလဲ ဆိုတာလည်း ထည့်စဉ်းစားဖို့လိုပါတယ်၊
ဗမာလူမျိုးအများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်ကို
ထောက်ခံတယ်ဆိုရင် ဆွေးနွေးပွဲမှာ၊ ဒါမှမဟုတ် ပင်လုံပုံစံ ညီလာခံကြီးမှာ
အောင်မြင်ရဖို့များပြီး ဗမာလူမျိုးအများစုက လက်မခံနိုင်ရင်
တိုင်းရင်းသားလူမျိုးစုများရဲ့ တောင်းဆိုချက်များ မအောင်မြင်နိုင်ပါ၊
အမြင့်ဆုံးတောင်းဆိုချက်များကို
ဆက်လက်ဆုတ်ကိုင်ထားချင်တယ် ဆိုရင်တောင်မှ နိုင်ငံရေး
ဆွေးနွေးပွဲတွေမှာသဘာဝကျကျ အပေးအယူ ညှိနှိုင်းတတ်ဖို့လိုပါလိမ့်မယ်၊
ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ နိုင်ငံရေးပြဿနာများကို
စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းခြင်း ယဉ်ကျေးမှုရဲ့ အစပဲ ဖြစ်သင့်ပါတယ်၊
အဆုံးမဖြစ်သင့်ပါ၊
ဒီဆွေးနွေးပွဲတစ်ခုထဲနဲ့
တိုင်းရင်းသားလူမျိုးများရဲ့ မျှော်လင့်ချက်တွေ အပြည့်အဝဖြစ်ပေါ်လာမှာ
မဟုတ်ပါ၊ လိုချင်တာမရရင် စစ်ပြန်တိုက်မယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း
ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်၊ စစ်ကြောင့် ပိုပြီးထိခိုက်နာကျင်ရတာက
သာမာန်စစ်သားတွေနဲ့ သာမာန်ပြည်သူတွေပါ၊ အစိုးရနဲ့
တပ်မတော်ခေါင်းဆောင်တွေမဟုတ်ပါ၊ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အသားကျ
ရင့်ကျက်လာတာနဲ့အမျှ၊ စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ
တဖြေးဖြေးချင်းထွက်ခွါအောင် စည်းရုံးနိုင်တာနဲ့အမျှ
တိုင်းရင်းသားလူမျိုးစုများအတွ က် အခွင့်အရေးများဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ နောင်မှာလည်း ဆက်တိုက်ရှိလာမှာပါ၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃
စက်တင်ဘာ ၁၆၊ ၂၀၁၃