ရေးသားသူ- ဥက္ကာကိုကို၊ သန်းဌေး
ရဲစခန်းအချင်းချင်းပေးပို့သည့် ဖမ်းဆီးရမည့်လူစာရင်း၌ အမည်တစ်ခုအားမြို့နယ်ချင်းမှားယွင်း
ထည့်သွင်း ခဲ့ခြင်းကနောက်ဆုံးနှစ်ရူပဗေဒကျောင်းသားကိုကျော်မင်းယုကို
ပြည်သူ့အရေးတော်ပုံကြီးတွင် ဆက်လက်ပါဝင်ဆင်နွှဲရန် ကံကြမ္မာက
တာဝန်ပေးအပ်လိုက်ခြင်းဟုဆိုရပါမည်။
သွေးလွှမ်းသော တံတားနီအရေးအခင်း (၁၉၈၈ မတ်လ ၁၆) နေ့ နောက်ပိုင်းတွင်
သူအပါအ၀င် ကျောင်းသား၊ ကျောင်းသူများစွာ၊ ပြည်သူများစွာအတွက်
နောက်ထပ်သွေးလွှမ်းသည့် အိပ်မက်ဆိုးများ ရေတွက်မရအောင် ပေါ်ပေါက်လာတော့ပါမည်။
လူငယ် တို့စိတ်ဓာတ်တွေ တက်ကြွနေသော်လည်း လေထုက ညှို့ငင်ထိုင်းမှိုင်းလျက်။
“ဖမ်းမယ့်စာရင်းထဲ အမည်ပေါက်ပါသွားပေမယ့် နာမည်စာရင်းက လှိုင်ထဲကိုမ၀င်ဘဲ
ကမာရွတ်ထဲကို ၀င်သွားတယ်။ ကမာရွတ်စခန်းက ဒီနာမည်က နာမည် ပျက်မရှိဘူးဆိုပြီး
မှတ်ချက်ပေးလိုက်တာ။ ကိုယ်လည်း ရှောင်ရင်းနဲ့ အဖမ်းမခံခဲ့ရဘူး”ဟု
ကိုကျော်မင်းယုက ၈၈ အရေးတော်ပုံ (၂၅) နှစ်ပြည့်ချိန်တွင် ပြန်ပြောပြသည်။
ရှစ်လေးလုံးအရေးတော်ပုံ ကာလတစ်လျှောက်လုံး ကိုကျော်မင်းယုတစ်ယောက်
မြေပေါ်မြေအောက်လှုပ်ရှားမှုများကို ဆက်တိုက် ဆောင်ရွက်ကာ ဒီမိုကရေစီအရေးအတွက်
ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ အဖြူရောင်လည်က တုံးအကျ၊
အပြာရောင်ပလေကပ်လုံချည်နှင့် လက်ကိုင်ပ၀ါအဖြူကို
မျက်နှာတွင်စည်းကာလူစည်ကားရာနေရာများသို့ ရုတ်တရက် ရောက်ရှိလာတတ်ပြီး
အုတ်တံတိုင်းပေါ်တက်၍ တရားဟောကြသည့် တက္ကသိုလ်ကျောင်းသားများထဲတွင်
ကိုကျော်မင်းယုပါဝင်ခဲ့သည်။
အရေးတော်ပုံများ လှုပ်ရှား ရာတွင် သူ့အမည်က “ဂျင်မီ”။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် တွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့်
ကိုစိုးနိုင်တို့ လုံထိန်းများလက်ချက်ကြောင့် ကျဆုံးခဲ့ရပြီး မတ်လ ၁၆
ရက်တွင် ပြည်လမ်းအတိုင်း ချီတက်လာသည့် တက္ကသိုလ်ကျောင်းသားများ ကို
အင်းလျားကန်ပေါင်အနီး တံတားဖြူမှတ်တိုင်တွင် လုံထိန်းနှင့် စစ်တပ်တို့
ပိတ်ဆို့ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားများစွာ သေဆုံးကာ ခြောက်ရာကျော်
အဖမ်းခံခဲ့ရသည်ဟုဆိုသည်။ သွေးဖုံးလွှမ်းသွားသည့် တံတားဖြူမှတ်တိုင်သည်လည်း
တံတားနီဟု အမည်ဆိုးတွင်ခဲ့ရသည်။
ထိုမှစကာ ကျောင်းသားတို့ လှုပ်ရှားမှုများ ပိုမိုအရှိန်ရလာပြီး
ပြည်သူလူထုပါဝင်လာသကဲ့သို့ မဆလပါတီ အစိုးရကလည်း တပ် မ ၂၂၊ ၆၆၊ ၇၇ တို့ကို
ရန်ကုန်မြို့တွင်းသို့ ခေါ်သွင်းလိုက်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။ မတ်လ ၁၈
ရက်တွင် တက္ကသိုလ်နှင့် ကျောင်းများကို ပိတ်ပစ်လိုက်ပြီး မေလ ၃၁ ရက်တွင်
ပြန်ဖွင့်ပေးခဲ့သည်။ ဇွန်လသည် အရေးတော်ပုံကို ဆက်လက်ဖန်တီးရန်
အသင့်ဖြစ်နေသည်။
မငြိမ်မသက်ဖြစ်နေသည့် ကာလအတွင်း တရားပွဲများ၊ ဟောပြောပွဲများအတွက်
ကျောင်းသားတို့က ရရာပစ္စည်းများနှင့်ပင် ဆောင်ရွက်ခဲ့ကြသည်။
ထိုစဉ်ကဆင်မလိုက်ထိပ်ရှိ လွင်မိုးဟုအ မည်တပ်ထားသည့် အသံချဲ့စက်များကို
လေးဘီးကားဖြင့် ပဋ္ဌာန်း ရွတ်ရန်ဟုပြောကာသွားငှားကြရသည်။
“စပီကာလွင်မိုးကတော့ ကျွန်တော်တို့အတွက် ကြွေးကြော်သံတွေ
ဟစ်ကြွေးတဲ့နေရာမှာ အသုံးဝင်ခဲ့တယ်”ဟု ကိုဂျင်မီ(ကိုကျော်မင်းယု)က
ရယ်လျက်ပြောသည်။ တက္ကသိုလ်ကျောင်းသားတို့၏ တရားပွဲများသို့
အခြေခံပညာကျောင်းသားများပါ တက်ရောက်ကြပြီး
တဖြည်းဖြည်းနှင့်တက္ကသိုလ်ကျောင်းအသီးသီးသို့ ဖြန့်ခွဲ၍ တရားလိုက်ဟောသည့်
အဆင့်ကို လုပ်ဆောင်လာကြသည်။
ထိုအတောအတွင်းမှာပင် တက္ကသိုလ်ကျောင်းသားများ ဆွေးနွေးညှိနှိုင်းရာမှ
ကျောင်းသားအရေးလုပ်မည့်အဖွဲ့နှင့် ပြည်သူ့အ ရေးလုပ်မည့်အဖွဲ့ဟူ၍
နှစ်ဖွဲ့ကွဲနေခဲ့ကြသေးသည်။ ဇွန် ၂၀ ရက်တွင် ကျောင်းသားနှစ်ဖက်ထိပ်တိုက်
စကားရည်လုပွဲကြီးပြုလုပ်ပြီး အလုပ်သမားနှင့် သံဃာတော်များက
ဒိုင်ပြုလုပ်ပေးခဲ့သည်။
နောက်ဆုံးတွင် ပြည်သူ့အရေးပြုလုပ်မည့်အဖွဲ့က အနိုင်ရရှိသွားခဲ့ပြီး
ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်အတူ မိုးသီးဇွန်ဟူသည့်
ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်းအများရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့မှာပင် တက္ကသိုလ်များကို ထပ်မံပိတ်ခဲ့သည်။
ကိုဂျင်မီတို့ ကျောင်းသားတစ်စုသည် ထိုအချိန်မှစတင်ကာ လျှို့ဝှက်လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။
မြေအောက် လှုပ်ရှားရေး (Under Ground) ဟူသည့် စကားလုံးကို
မသုံးစွဲကြသေးသော်လည်း ကျောင်းသားများသည် မြေ အောက်လှုပ်ရှားမှုပုံစံဖြင့်
အရေးတော်ပုံကို ဆင်နွှဲခဲ့ကြသည်။ အရင်းနှီးဆုံးသူငယ်ချင်းများဖြင့် စုစည်းကာ
ငါးဦးတစ်စုခန့်ဖြင့် လူစည်ကားရာ လှည်းတန်း၊ ညောင်ပင်လေးဈေး
စသည့်နေရာတို့သို့ လှည့်လည်ဟောပြောခဲ့ကြသည်။
ပလေကပ်ပုဆိုးအပြာရောင်၊ လည်ကတုံးအကျအဖြူရောင် ၀တ်ဆင်၍ လက်ကိုင်ပ၀ါအဖြူကို
မျက်နှာတွင်စည်းကာ ရုပ်ဖျက်ထားသည့် တက္ကသိုလ်ကျောင်းသားများသည် လူစည်ကားသည့်
နေရာများတွင် ရုတ်ချည်းပေါ်လာလျက် တရားဟောကာ ရုတ်တရက်ပင်
ပြန်လည်ပျောက်ကွယ်သွားကြမည်ဖြစ်သည်။
“လူများတဲ့နေရာမှာ တရားဟောတယ်။ ခပ်လှမ်းလှမ်းရောက်ရင်
မျက်နှာဖုံးပြန်ချွတ်လိုက်တယ်။ စိတ်ထဲက မသိုးမသန့်ဖြစ်လာရင်
တိမ်းရှောင်နေလိုက်တယ်။ အဲဒီကာလက စစ်ထောက်လှမ်းရေးဆိုတာ မော့ဆက်ပြီးရင်
အတော်ဆုံးလိုလို သတင်းထွက်နေတဲ့ ကာလဆိုတော့ လူငယ်ပီပီ အားစမ်းချင်ကြတယ်”ဟု
ကိုဂျင်မီ ကဆိုသည်။
တက္ကသိုလ်ကျောင်းသားတို့သည် လက်ရေးဖြင့်ရေးသား ကူးယူထားသည့်
လက်ကမ်းစာစောင်များကို ဈေးများ၊ ဘတ်စ်ကားဂိတ်များ၊ လူစည်ကားရာနေရာများတွင်
မြန်ဆန်စွာဖြန့်ဝေကြသည်။ လက်ကမ်းစာစောင်ရရှိသူများကလည်း ဖတ်ရှုပြီးနောက်
နောက်လူများဆီသို့ မြန်ဆန်စွာ လက်ဆင့်ကမ်းပေးကြသည်။ အချို့က
စာကိုမှတ်သားသွားပြီး မိမိဝန်းကျင်တွင် စာရွက်နှင့် ပြန်ရေးလျက်
ဖြန့်ဝေကြသည်။
အဆိုပါလက်ကမ်းစာစောင်ငယ်များတွင်ပါရှိသည့်စာများမှာ “တိုက်ပွဲစမယ်။
ဆက်လက်ကူးယူ ဖြန့်ဝေပေးရန်”စသည့် အချက် ပေးစကားများနှင့်
ကြွေးကြော်သံများပင်ဖြစ်သည်။ မြေအောက် လှုပ်ရှားရေး ဆောင်ရွက်ကြသည့်
ကျောင်းသားတို့သည် ရန်ကုန်မြို့ တစ်ခုတည်းနှင့် ရပ်မနေဘဲ ပြည်၊
ပဲခူးအစရှိသည့် နယ်မြို့များရှိ ကျောင်းများသို့လည်း ပျံ့နှံ့စေရန်
ကြိုးပမ်းခဲ့သည်။
“ဥဿာ-ဒဂုံစတဲ့ နယ်ဘက်ဆင်းတဲ့ကားတွေကိုတားပြီး စာ ရွက်စာတမ်းတွေထည့်ပေးတယ်။
ဘယ်သူ့ဆီကိုလို့ မပါဘူး။ ဥပမာ- ပဲခူး အ.ထ.က(၁) ဆယ်တန်းအေသို့ ပေးရန်ပေါ့။
အဲဒီလိုမျိုးနဲ့ နယ်တွေကို ဖြန့်တယ်”ဟု လျှို့ဝှက်လှုပ်ရှားခဲ့ရသည့်
တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။
“အဲဒီအချိန်တုန်းက ကိုယ် တို့ဆီမှာ မိတ္တူကူးတယ်ဆိုတာ မရှိသေးဘူး။
လက်နဲ့ပဲရေးကြရတာ။ ကိုယ်တို့မှာ ရေဒီယိုမရှိဘူး။ အဲဒီအချိန်မှာ
သတင်းထောက်မရှိဘူး”ဟု ထိုစဉ်က ကျောင်းသားများလှုပ်ရှားခဲ့ရသည့် အခက်အခဲကို
ကျောင်းသားခေါင်းဆောင်တစ်ဦး နှင့် AGSDF ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဖြစ်ခဲ့သူ
ကိုမိုးသီးဇွန်က ပြောပြသည်။
အချို့ကျောင်းသားများကတော့ နယ်မြို့များထိဆင်းကာ လူ စည်သည့်နေရာတွင်
တရားဟော ကြသည်။ ဖမ်းဆီးခံရမည့်ပုံပေါ် လျှင် ချက်ချင်းရှောင်ပြေးကြသည်။
တဖြည်းဖြည်းကိုယ့်နည်း ကိုယ့်ဟန်နှင့်မြေအောက်လှုပ်ရှားမှု ပြုလုပ်နေကြသည့်
ကျောင်း သားအစုအဖွဲ့လေးများ ချိတ်ဆက်မိလာကြသည်။ သူတို့အားလုံး၏
နာမည်များကတော့များသော အားဖြင့် အမှန်မဟုတ်ကြပါ။ မြေ
အောက်လှုပ်ရှားမှုပြုလုပ်သည့် နာမည်များသည် နိုင်ငံရေးအမည်များ ဖြစ်လာခဲ့ပြီး
ယခုအချိန်ထိ အမည်တွင်လျက်ရှိကြသည်။
အရေးအခင်းကာလ မန္တလေး ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး
လက်ရှိကျောင်းသားတပ်မတော် (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း
“သပိတ်ကော်မတီတွေဖွဲ့ကြပြီးတရားတွေဟောကြတယ်။ ကျောင်းသားအခွင့်အရေး၊
သမဂ္ဂဖွဲ့စည်းရေး၊ တစ် ပါတီစနစ် ပြုတ်ကျရေးစတာတွေ ကို တိတ်တဆိတ်
ဖြန့်ဝေခဲ့ကြ တယ်။ အုတ်တံတိုင်းတွေ၊ ဈေး ဆိုင်နံရံတွေမှာ ညဘက်တွေလိုက်
ကပ်ကြတယ်။ အန္တရာယ်ကြီးပေမယ့် လိုချင်တဲ့အရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့
အသိနဲ့ လုပ်ခဲ့ကြတယ်”ဟု ပြန်ပြောပြသည်။
တက္ကသိုလ်ကျောင်းသားတို့ မြေအောက်လှုပ်ရှားမှုပြုလုပ်ရာတွင်
အခြေခံကျောင်းများလည်း ပါဝင်လာစေရန် စည်းရုံးကြသည်။ ရှစ်လေးလုံးမတိုင်မီက
ခွပ်ဒေါင်းပုံကို အောက်ခံအရောင်မတူညီဘဲ သုံးစွဲနေခဲ့ကြသည်။
တစ်ခါတစ်ရံအလံအလွယ်မရှိပါက သင်္ကန်းကို ၀ါးလုံးတိုင်ထိပ်တွင်
ချည်နှောင်လွှင့်ထူကြရသည်ဟု ကျောင်းသားဟောင်းတို့က ဆိုသည်။
၈ ရက်၊ ၉ ရက်အထိ မပိတ်သေးသည့် အခြေခံပညာကျောင်းများတွင် ကျောင်းသားကြီးများ မနက်ကျောင်းလွှတ်ချိန်၌ တက္က
သိုလ်ကျောင်းသားများက အုတ်တံတိုင်းပေါ်တက်ကာ “ညီအစ်ကိုတို့ . ..
ဒီမိုကရေစီတိုက်ပွဲဝင်ကြ” အစချီ၍ ဟောပြောကြသည်။ ကျောင်းသားငယ်များက
ထောက်ခံအားပေးသံပေါ်ထွက်လာချိန်တွင် အသင့်ပြင်ထားသည့် ဒေါင်း အလံကို
ဗြုန်းခနဲ ဆွဲထူလိုက်သည်။ ကျောင်းသားငယ်များထဲမှ တက်ကြွလာသည့် အတန်းကြီး
ကျောင်းသားတို့ကို စင်ပေါ်တင်ပေးကာ ဟောပြောစေသည်။
“သူတို့က ဟောရင်းနဲ့ တက်ကြွလာကြပြီး ကျွန်တော်တို့ လက်ထဲက အလံကို
ဆွဲယူသွားကြတယ်။ သူတို့ဘာသာလမ်းပေါ် ထွက်လျှောက်သွားကြတယ်။ စိတ်ပူတာတစ်ခုက
လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံတွေကို တပ်ဦး မလှည့်မိအောင် သူတို့ကိုသတိ
ပေးရတယ်။ တစ်ခါတလေ သူတို့က နားမထောင်ဘူး။ ဆက်ချီတက် သွားတော့
ဟိုကပစ်ချလိုက်တယ်။ ပြန်ပြေးလာကြတယ်။ နောက် တော့ချီတက်တဲ့
လမ်းကြောင်းတွေကို အန္တရာယ်ကင်းမယ့် နေရာတွေကနေ သူတို့ကို ခေါ်သွားရတယ်”ဟု
ကိုဂျင်မီကပြောသည်။
ကျောင်းသားအချို့က တစ် ဖက်မှ ဦးဆောင်ချီတက်နေရင်း၊ အချို့ကျောင်းသားများက
တစ်ဖက်မှ မြေအောက်လှုပ်ရှားမှုများဖြင့် ကူညီပေးရင်းနှင့်ပင်
သပိတ်မှောက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ကျောင်းသားများသာမကဘဲ
အရပ်သားများလည်း အုံကြွပါဝင်
လာခဲ့သည်။ အုံကြွလာသည့် လူထုအပေါ် ဦးနေ၀င်း၊ ဦးစိန်လွင်တို့မှသည် အောက်ခြေအရာရှိအဆင့်အထိ မညှာတာခဲ့ကြပါ။
ဦးနေ၀င်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တာ”ဟု ပြည်သူ
လူထုကို ပေါ်တင်ခြိမ်းခြောက် ခဲ့သည်။ တကယ်လည်း မရေတွက် နိုင်သည့်
ပြည်သူများသေဆုံးခဲ့ရပြီး နေရာအနှံ့သွေးချောင်းစီးခဲ့ရ သည်။
သြဂုတ်လ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာချိန်မှာတော့
မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြတော့ဘဲ ပွင့်ပွင့်
လင်းလင်းလှုံ့ဆော်ခြင်း၊ ဦးဆောင်ခြင်း၊ ကြွေးကြော်ခြင်းတို့နှင့်အတူ
ကျောင်းသားများစွာ တိုက်ပွဲဝင် ချီတက်လာကြသည်။ သူတို့၏ အဓိကဦးတည်ချက်မှာ
မဆလအ စိုးရပြုတ်ကျရေးနှင့် ဒီမိုကရေစီရရှိရေး၊
ကျောင်းသားသမဂ္ဂဖွဲ့စည်းပေးရေးတို့ဖြစ်ကြသည်။
အစိုးရ၏ ဖိနှိပ်မှုအပေါ် မခံမရပ်နိုင်ဖြစ်လာကြသည့် ပြည်သူလူထုက
နေ့စဉ်နှင့်အမျှ သပိတ်တိုက်ပွဲများကို ပစ်ခတ်ဖမ်းဆီးမှု များကြားကပင်
ပြင်းထန်စွာပြု လုပ်လာကြသည်။ စစ်တပ်က လည်း တက်လာသမျှ ပစ်ချမြဲ။
ယခုအခါ နှစ်ရှည်ထောင်ဒဏ်ကြီးမှ လွတ်မြောက်လာခဲ့ပြီး ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူလူထု
အသိအမှတ်ပြုထားကြပြီဖြစ် သောကိုဂျင်မီက အရေးတော်ပုံ ကာလကြီးအတွင်း
တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် နေ့ ရက်များအပေါ်
အောက်ပါအတိုင်းထင်မြင်ချက်ပေးခဲ့ပါသည်။
“အဲဒီတုန်းက စိတ်ကတအားကြွနေတော့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်သတိထားနေရတယ်။ ၈၈ ထိပ်ပိုင်းခေါင်းဆောင်တွေ
အားလုံးက စွန့်စားမှုကို သဘောကျတဲ့လူတွေချည်းပါပဲ”။ ။
- See more at: http://www.dawnmanhon.com/2013/08/blog-post_7.html#sthash.oJnTePwM.dpuf
