Thursday, January 2, 2014
နိုင်ငံတော်သမ္မတဦးသိန်းစိန် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏
အခြေခံဥပဒေပြင်ဆင်ရေး ပြောကြားချက်များ
==========================
နေပြည်တော် ဇန်နဝါရီ ၁
==========================
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု သုံးနှစ်ကျော်ကာလတွင်
အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမှာ ၂ဝဝ၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက
အဆိုတင်သွင်းထောက်ခံခဲ့ရာ လွှတ်တော်ကကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို
ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ အဆိုပါကော်မတီက
လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက် ၃၂၃၁၁ဝ လက်ခံရရှိကြောင်း
သတင်းထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့၏ အနီးကပ်ဆုံး
ဆွေးနွေးပြောကြားချက်များကို လေ့လာသုံးသပ်နိုင်ပါရန် အောက်ပါအတိုင်း
ကောက်နုတ်စုစည်းဖော်ပြလိုက်ပါသည်။
အကျပ်အတည်းကိုဦးမတည်ဖို့ရွေးချယ်မှုမှန်ကန်ရန်အရေးကြီး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လိုအပ်သလိုပြင်ဆင်
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအခြေခံမူများရှိရန်လိုလား
နိုင်ငံတော်သမ္မတဦးသိန်းစိန်
=================
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ပြီးလည်း ကျွန်တော့် ရဲ့
သဘောထားရပ်တည်ချက်အချို့ကိုပြောကြားလိုပါတယ်။ အသက်ဝင်တဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပိုင်ဆိုင်ဖို့ဆိုရင်
လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေအချိန်အခါအလိုက်
ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော့်အနေနဲ့
ဆုပ်ကိုင်ထားမှာဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး
ကျွန်တော့်အနေနဲ့ အဓိကအစိတ်အပိုင်းသုံးခုရှိ တယ်လို့ရှုမြင်မိပါတယ်။
ပထမပိုင်းကတော့ လက်ရှိကျွန်တော်တို့ကြိုးပမ်း တည်ဆောက်နေတဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်
မဖြစ်မနေ ပြုလုပ်ရမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့်
သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊
ဖြည့်စွက်ရေးသားခြင်းတွေလုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။
ဒုတိယပိုင်းကတော့ မိမိတို့တည်ဆောက်လိုတဲ့
ပွင့်လင်းလွတ်လပ်တဲ့လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး အတွက်
လိုအပ်မယ့်ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေဖို့ လိုအပ်သလို
ပြင်ဆင်ရမည့်အပိုင်း ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအား
ထုတ်လုပ်ဆောင်ရာမှာ
နိုင်ငံရေးမှာပါဝင်ပတ်သက်သူအားလုံးရဲ့အမြော်အမြင်ကြီးမားမှု၊
ဥာဏ်ပညာကြွယ်ဝမှု နှင့် စိတ်ရင်းစေတနာမှန်ကန်မှုတို့က
အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။
တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက်
လိုအပ်မည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်ပင်ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့သဘောထားကတော့
မည်သည့်မြန်မာနိုင်ငံသားတိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို
နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုးမဖြစ်စေလိုတဲ့
နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့အမျိုးသားအကျိုးစီးပွားနှင့်
မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုမထိပါးစေမည့်
သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့်
အခြေခံမူများရှိရန်လည်းလိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့
နိုင်ငံရေးဦးဆောင်မှုနဲ့ပတ်သက်တဲ့ ဝိရောဓိများကိုကိုင်တွယ်ဖြေရှင်းရာမှ
နိုင်ငံရေးအကျပ်အတည်းတစ်ခုဆီသို့ ဦးတည်မသွားစေနိုင်ဖို့အတွက်
နိုင်ငံရေးရွေးချယ်မှုမှန်ကန်စေဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်ရာမှ
မိမိတို့အချင်းချင်း အပြန်အလှန်ယုံကြည်မှုအပေါ်အခြေ ခံတဲ့
ဆွေးနွေးညှိနှိုင်းမှုတွေထားရှိနိုင်မယ့်သဘောထားကြီးမှုတွေ၊ တောင်းဆိုမှုတွေကို
အပြန်အလှန် နားလည်လက်ခံပေးနိုင်တဲ့
အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရေးအတွက်
ကြိုးပမ်းအားထုတ်မှုနှင့်ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊
နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊
အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းအားလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို
ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်းပြောကြားလိုပါတယ်။
ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ်ညှိနှိုင်းမှု များကို
အောင်မြင်စွာပြုလုပ်ပြီး များမကြာမီကာလတွင် နိုင်ငံရေးဆွေးနွေး
ပွဲများစတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်းပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ စတင်ထမ်းဆောင်ခဲ့သည့်နေ့မှစပြီး ပြည်သူလူထု
တစ်ရပ်လုံးရဲ့လိုလားချက်များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေနဲ့
လက်တွေ့ဖြစ်နိုင်တဲ့အခြေအနေနှစ်ရပ်အကြား သဟဇာတဖြစ်အောင် တစိုက်မတ်မတ်
ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
သဟဇာတဖြစ်ရေးဆိုရာမှာလည်း လက်ရှိနိုင်ငံရေးအပြောင်းအလဲနဲ့
နိုင်ငံရေးဖြစ်စဉ်ရှင်သန်ခိုင်မာရေး၊
ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်း ရေးကို
မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက်
အစဉ်နှလုံးသွင်းဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့
တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်တဲ့တောင်းဆိုချက်များအတွက်လည်း
အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့်လက်ခံတွေ့ဆုံခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့နိုင်ငံရေးအင်အားစုများရဲ့
ကွဲပြားတဲ့လိုလားချက်များ၊ သဘောထားရပ်တည်ချက်များကို
နက်နဲသိမ်မွေ့စွာဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊
တည့်မတ်ပေးခြင်းများလုပ်ဆောင်နေရတာဖြစ်ပါတယ်။
ဒီလိုချင့်ချိန်ဆောင်ရွက်ရတာကြောင့် တစ်ခါတလေမှာ နိုင်ငံရေးအင်အားစု
အချို့ရဲ့အားမလိုအားမရဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့နားလည်လက်ခံ
ထားပါတယ်။ ဒီလို အခြေအနေတွေအားလုံးကိုနိုင်ငံရေးအရှိတရားအနေဖြင့်ခံယူပြီး
တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်နားလည်မှုစွမ်းရည်မြှင့်တင်ကြဖို့လည်း
တိုက်တွန်းလိုပါတယ်။
ကျွန်တော့်အနေနဲ့ သမ္မတတာဝန်ယူသည့်နေ့မှစပြီး
တာဝန်ကိုရှောင်လွှဲလိုတဲ့လုပ်ဆောင်မှုမျိုးမရှိခဲ့သလို
လက်ရှိနိုင်ငံရေးအခြေအနေကခွင့်ပြုတဲ့အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့်
နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့်ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး
သဟဇာတဖြစ်ဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြုပြောကြားလိုသည့်ကိစ္စရပ်ကတော့
ဖြစ်သင့်ဖြစ်ထိုက်သည့်နိုင်ငံရေးဆန္ဒများကို(လက်ရှိနိုင်ငံရေးအခြေအနေက)ဖြည့်ဆည်း
ပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက
နိုင်ငံရေးအကျပ်အတည်းတစ်ခုဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ခြေရှိသည့်
အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကိုသတိချပ်ပြီး
ဥာဏ်အမြော်အမြင်ရှိသော
နိုင်ငံရေးရွေးချယ်မှု များပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။
(၂-၁-၂ဝ၁၄ ရက်နေ့ ရေဒီယိုမှတစ်ဆင့် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းမှ)