Saturday, March 22, 2014

အသည်းကွဲသေဆုံး ၀န်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို


မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာများနှင့် အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
သေဆုံးသွားသူ အချုပ်သား ဦးဖိုးဇော် (အသက် ၄၁ နှစ်)မှာ မတ် ၈ ရက် ညနေပိုင်း ၅း၃၀ အချိန်ခန့်က ၎င်း၏ နေအိမ်၌ အရက်မူးယစ်ကာ မိသားစုများအား ဆဲဆိုခဲ့သောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စံပယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မင်းထိုက်အား ထိန်းသိမ်းပေးပါရန်အတွက် ညနေ ၆နာရီခန့်က သွားရောက် တိုင်ကြားခဲ့သည်။ ဦးဇော်မင်းထိုက်က ဦးဖိုးဇော်(သေဆုံးသူ)အား ညနေ ၆ နာရီ ကျော်ခန့်တွင် ခရမ်းမြို့နယ် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံခဲ့သည်။

ယင်းသို့ အပ်နှံခဲ့ပြီး မတ် ၉ ရက် နံနက် ၉ နာရီကျော်ခန့်တွင် ကိုဖိုးဇော် သေဆုံးသွားပြီဖြစ်ကြောင်း ခရမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူများက မိမိထံ ဆက်သွယ်ခဲ့သည်ဟု ဦးဇော်မင်းထိုက်က ပြောသည်။

““ကျွန်တော်ကိုယ်တိုင် သူ့ကို မတ် ၈ ရက် ညနေ ၆ နာရီလောက်က စခန်းကို လိုက်ပို့ခဲ့တာ။ သူ့ဆီမှာ ဘာဒဏ်ရာမှ မရှိဘူး။ သူသေ တယ်ဆိုတာ မတ် ၉ ရက် မနက် ၉ နာရီခွဲ လောက်မှ စခန်းက ဖုန်းဆက်လို့ သိရတာပါ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ ဦးဖိုးဇော် သေဆုံးမှုနှင့် ပတ်သက်၍လည်း ရဲစခန်း တာဝန်ရှိသူများနှင့် ဦးဇော်မင်းထိုက်တို့ကလည်း ကာယကံရှင်၏ မိသားစုဝင်များအား ဆက်သွယ်ခဲ့ခြင်းလည်း မရှိပေ။

““ကျွန်မယောက်ျား ကိုဖိုးဇော်က အရင်ကလည်း အရက်သောက်လို့ မူးလာရင် မိသားစုကို ဆူပူကြိမ်းမောင်း တာတွေ လုပ်တယ်။ အဲဒီနေ့က အိမ်မှာရွာက မောင်တွေ ရောက်နေတော့ ပြဿနာတစ်စုံ တစ်ရာ မဖြစ်အောင် မတ် ၈ ရက် ညနေ ၅နာရီခွဲလောက်မှာ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ကို အပ်လိုက် တယ်။ နောက်နေ့ နံနက် ၉ နာရီခွဲ အချိန်လောက် ရောက်တော့မှ ကျွန်မ ယောက်ျား သေပြီလို့ ရဲစခန်းနားက ဆိုင်ကယ် အငှားလိုက်တဲ့ မောင်လေးက လာပြောတယ်။ မိသားစုတွေ ဆေးရုံကို လိုက်သွားတဲ့ အချိန်မှာ ရင်ခွဲပြီးသွားပြီ။ ရင်ခွဲရုံကို ကျွန်မ အမျိုးတွေ တစ်ယောက်မှ ၀င်ခွင့် မရခဲ့ဘူး”” ဟု သေဆုံးသူ ကိုဖိုးဇော်၏ ဇနီးဖြစ်သူ ဒေါ်စံပယ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့်မှ ရရှိသည့် ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးသူ ကိုဖိုးဇော်၏ မျက်နှာနှင့် ကျောပြင်တို့တွင် ညိုမည်းစွဲနေသည့် ဒဏ်ရာများ ရှိနေပြီး နှာခေါင်းတွင်လည်း သွေးများ ထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။

ကိုဖိုးဇော် သေဆုံးမှုနှင့် ပတ်သက်၍ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသူရိန်အား မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခဲ့ရာ၌ ““ရဲစခန်းက လာပို့တဲ့ အချိန်မှာ ကိုဖိုးဇော်က သေနေပြီ။ သေမှရောက်လာတာ။ အထောက်အထားတွေ အကုန်ရှိတယ်။ အဓိက အကြောင်းရင်းက အသည်းမှာ ထိခိုက် ဒဏ်ရာရတာ၊ အသည်းကွဲသွားတာပါ။ ပြင်းထန်တဲ့ ကန်ချက်ကြောင့်ပါ။ ဒီကိစ္စက လူသေမှု မဟုတ်ပါဘူး။ လူသတ်မှုပါ”” ဟု ပြောသည်။

ကိုဖိုးဇော် သေဆုံးမှုနှင့် မိသားစုဝင်များအား အကြောင်းမကြားခဲ့မှုများနှင့် ပတ်သက်ပြီး ခရမ်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ဦးသက်စိုးက ““အချုပ်ထဲမှာ သေသွားတာ မဟုတ်ဘူး။ ဆေးရုံမှာ သေတာ။ သူ့ကျန်းမာရေးကို စစ်ဖို့ မတ် ၉ ရက် ၈း၁၅ လောက်က ဆေးရုံတင်ခဲ့တာပါ။ အခု သေမှုသေခင်း ဖွင့်ထားတယ်။ သူသေတာကို မိသားစုကို အကြောင်းကြားဖို့ မလိုဘူးလေ။ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်တာ။ အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဒီလို ပြည်သူတွေရဲ့အသက်၊ အိုးအိမ်ကို ကာကွယ်ပေးပါတယ် ဆိုတဲ့ ရဲဝန်ထမ်းတွေရဲ့ ဥပဒေမဲ့ လုပ်ရပ် တွေကို ဖော်ထုတ်နိုင်အောင် ရှေ့နေတွေနဲ့ ညှိနှိုင်းပြီး ဥပဒေအရ လုပ်ဆောင်သွားမယ်”” ဟု ခရမ်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးမြင့်လှိုင်က ပြောသည်။

ဥပဒေပညာရှင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ““ရဲစခန်းမှာ ရောက်သွားပြီ ဆိုရင် သူ့ရဲ့ကိစ္စအ၀၀ကို သက်ဆိုင်ရာ အချုပ်ခန်း တာဝန်ရှိတဲ့ လူတွေက တာဝန်ယူရမှာပါ။ ဘာပဲဖြစ်ဖြစ် အချုပ်သား တစ်ယောက် ရိုက်နှက်လို့ သေတယ်ဆိုရင် အချုပ်ခန်းစောင့် ၀န်ထမ်းမှာ တာဝန်ရှိတယ်။ ဆရာဝန်ရဲ့ ဆေးစာ ကလည်း ငြင်းလို့ မရဘူးလေ။ ရိုက်နှက်လို့ သေသွားခဲ့ရင် ၃၀၂ လူသတ်မှုနဲ့ အရေးယူလို့ရတယ်””ဟု မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြု ပြောကြားသည်။

ကျော်စိုးဦး

Myanmartandawsint Newspaper


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)