တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မတ်လ ၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ တွေ့ဆုံခဲ့ကြရာမှာ ကာချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သူတို့ ဆွေးနွေးပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။
“အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ ကာကွယ်ဦးစီးချုပ်က ပြောတယ် အပစ်အခတ် ရပ်စဲရေးကို မရ ရအောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရမယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ယုံကြည်ပါလို့ သူတို့ ပြောပါတယ်။”
သူနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ ပြောကြောင်းလည်း မန်းငြိမ်းမောင်က ပြောပြပါတယ်။
ကေအန်ယူအဖွဲ့ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်တွေပဲ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကေအန်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ အထွေထွေအတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပြီး အခုတကြိမ်တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ ကေအန်ယူ တဖွဲ့နဲ့ပဲ အခုလို တွေ့ဆုံ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
No comments:
Post a Comment