Thursday, April 3, 2014

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး


ရန်ကုန်၊ ဧပြီ ၂
The Voice Weekly

ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သည့် ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့သမား ခင်ခွန်းတို့ ပထမအချီ ယှဉ်ပြိုင်စဉ် ထိုင်းလက်ဝှေ့သမား၏ တံတောင်ချက်ဖြင့် မေးရိုးကို နှစ်ကြိမ်ထိခိုက်မိပြီး ပဲပြားမောင်မောင် သတိမေ့သွားကြောင်း၊ ယင်းကြောင့် ပဲပြားမောင်မောင်ကို ပြိုင်ပွဲကျင်းပရာ ကျေးရွာနှင့် ဆယ်မိုင်ခန့်ဝေးသည့် ရေးမြို့နယ်ဆေးရုံကြီးသို့ သွားရောက် ပို့ဆောင်ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားကြောင်း ပွဲစီစဉ်သူ ဦးစိုးသိန်း၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ရှင်းပြသည်။

“အပြိုင်အဆိုင် ထိုးသတ်ကြရင်းက ဦးနှောက်အာရုံကြောကို ထိခိုက်မိလို့ ခုလိုဖြစ်ရတာ ထင်တယ်” ဟု ဦးစိုင်းဇော်ဇော်က သုံးသပ်ပြောဆိုသည်။

ရေးမြို့နယ် ဟံဂံကျေးရွာတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့ထိ ကျင်းပခဲ့သည့် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာ ယင်းကျေးရွာ ဂေါပကအဖွဲ့က တာဝန်ယူ ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံရိုးရာ အဖွဲ့ချုပ်မှ ဒိုင်လူကြီးများကို ဖိတ်ကြားခဲ့ခြင်း မရှိဘဲ ဂေါပကအဖွဲ့ကပင် ဒိုင်လူကြီးများ အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းဇော်ဇော်၏ ပြောကြားချက်အရ သိရသည်။

လွန်ခဲ့သည့် ငါးနှစ်က ငါးချီ စိန်ခေါ်ပွဲ တစ်ခုတွင် ပွဲချီအပြည့် ထိုးသတ်ပြီးမှ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ရပ်မှာ ပွဲအစ ပထမအချီ၌ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများကို ထုတ်လုပ်ဖြန့်ချိ ရောင်းချသူလည်း ဖြစ်သည့် ဦးစိုင်းဇော်ဇော်က မှတ်ချက်ပြုသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ပဲပြားမောင်မောင်၏ မိသားစုကို ကျပ်တစ်သိန်း ထောက်ပံ့ ပေးထားကြောင်း ယင်းအဖွဲ့ချုပ် အတွင်းရေးမှူးက ပြောဆိုသည်။

မြန်မာ့ရိုးရာ ဒုတိယတန်း လက်ဝှေ့ကစားသမား ပဲပြားမောင်မောင်သည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဝါဆိုကလပ်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ မြားထက်ကျော် လက်ဝှေ့ကလပ်တို့တွင် ကျင်လည်ခဲ့ပြီး ၂၀၁၃ ခုနှစ်က နေပြည်တော်၌ ကျင်းပသည့် ပြည်နယ်နှင့်တိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)